မင်းဘူး ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားကြီးတွင် ယနေ့ထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားပြည်သူပေါင်း ၃၀၀၀၀ ခန့် လာရောက်ခဲ့ပြီး တည်းခိုဆောင်အခန်းများ ပြည့်သည်အထိ စည်ကားခဲ့ကြောင်း မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးကို နှစ်စဉ်ပုံမှန်ကျင်းပမြဲဖြစ်သော တပို့တွဲလဆန်း ၅ ရက်မှစပြီး မြန်မာနှစ်ဆန်း ၁ ရက်အထိ (၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ) ရက်ပေါင်း ၈၆ ရက်ကြာ ကျင်းပလျက်ရှိကြောင်း၊ ပွဲတော်ကာလ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်ရှည်များအပါအဝင် ယခုလ ၁၆ ရက်အထိ ဘုရားဖူးပြည်သူ ၃၀၀၀၀ ခန့် လာရောက်ဖူးမြော်ခဲ့ကြောင်း၊ ဘုရားဖူးပြည်သူများအား တည်းခိုဆောင်များတွင် စိတ်အေးချမ်းသာစွာ တည်းခိုနားနေနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားကားများအပြင် ကိုယ်ပိုင်ကားများဖြင့်လည်း လာရောက်ခဲ့ကြောင်း၊ နေ့စဉ် ယာဉ်ဝင်/ထွက်မှုအနေဖြင့် ကားအစီးရေပေါင်း ၅၀ နှင့် ၁၀၀ ကြားရှိပြီး ယခင်နှစ် ဘုရားပွဲတော်ကာလထက် ယခုနှစ်တွင် ထူးထူးခြားခြား ပို၍စည်ကားခဲ့ကြောင်း၊ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များနှင့် ယခုတစ်ပတ် အစိုးရရုံးပိတ်ရက်ရှည်ကာလများတွင် တည်းခိုဆောင်အခန်းများ ပြည့်သည်အထိ လာရောက်ခဲ့ကြပြီး Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးချိန်တွင် ဘုရားဖူးခရီးသွားများ ယခုထက် ပိုမိုစည်ကားနိုင်ကြောင်း မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။
မန်းရွှေစက်တော်ရာ ဘုရားကြီး၌ ဘုရားပွဲတော် ကျင်းပစဉ်ကာလ တစ်လျှောက် ပွဲတော်ဖွင့်ပွဲရက်၊ တပို့တွဲလပြည့်နေ့၊ တပေါင်းလပြည့်နေ့နှင့် တန်ခူးလမဟာ သင်္ကြန်ရုံးပိတ်ရက် ကာလများတွင် နှစ်စဉ်နှစ်တိုင်း အစည်ကားဆုံးဖြစ်ကာ ယခုနှစ်ဘုရားပွဲတော် ကာလတွင် အသံမစဲ မဟာပဋ္ဌာန်း ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် မန်းရွှေစက်တော်ရာ ဘုရားကြီးအနီးရှိ မင်းလှကျင်းကျေးရွာမှ ဒေသခံများက ရှေးရိုးရာ အစဉ်အလာမပျက် လှည်းယဉ်တန်းများဖြင့် ဘုရားဖူးလာရောက်နိုင်ရေး စီစဉ်လျက်ရှိကြကြောင်း၊ အဆိုပါ ကျေးရွာမှ လှည်းယဉ်တန်းများသည် တပေါင်းလပြည့်နေ့မတိုင်မီ ဘုရားဖူး လာရောက်ကြပြီး တပေါင်းလပြည့်ကျော် ၁ ရက်တွင် ပြန်လည်ထွက်ခွာလေ့ရှိသဖြင့် လှည်းဝိုင်းအဖွဲ့များနှင့် တွေ့ဆုံ၍ အမှတ်တရ မှတ်တမ်းရယူခြင်းနှင့် လှည်းယဉ်တန်းများဖြင့် ဘုရားဖူး သွားရောက်သည့် ရှေးရိုးရာဓလေ့ အစဉ်အလာကို လေ့လာလိုသည့် ဘုရားဖူးပြည်သူများအနေဖြင့် တပေါင်းလပြည့်နေ့ မတိုင်မီလာရောက်လည်ပတ်နိုင်ရန် ဖိတ်ခေါ်အပ်ပါကြောင်း ဦးအေးကိုက ရှင်းပြသည်။
“ကျွန်တော်တို့ မိသားစုက မကွေးမြို့ကနေ နေ့ချင်းပြန်လာကြတာပါ။ ဘုရားရောက်တော့ ခြေတော်ရာနှစ်ဆူကို ဦးခိုက်ဖူးမြော်ပြီး ဘုရားပန်းလှူ၊ ရွှေသင်္ကန်းနဲ့ ဆွမ်းကပ်လှူတယ်။ ဒါ့အပြင် နဂါးစာကျွေးကုသိုလ်ပြုပြီး ဘုရားက မျောက်လေးတွေကို အစာကျွေးကြတယ်။ အိမ်က ကလေးတွေ ဘုရားဖူးလည်ပတ်ရင်း ပင်ပန်းထားသမျှ မန်းချောင်းထဲမှာ ရေချိုးပြီး အပန်းဖြေနေတာ မြင်တွေ့ရတော့ စိတ်ထဲမှာ ကြည်နူးပျော်ရွှင်ရပါတယ်” ဟု မကွေးမြို့မှ ဘုရားဖူးလာရောက်သူ ကိုဇော်ဌေးလှိုင်က ပြောသည်။
“မြန်မာနိုင်ငံမှာ ထင်ရှားကျော်ကြားပြီးတော့ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်တဲ့ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဘုရားဖူးကားနဲ့ အပေါင်းအသင်းတွေနဲ့အတူ ကျွန်မတို့ မိသားစုလိုက် လာကြတာပါ။ ဘုရားပွဲတော်က ဆောင်းအကုန် နွေအကူးကာလဆိုတော့ နွေရဲ့ရသကို ပိုပြီးခံစားရသလို လမ်းတစ်လျှောက်မှာလည်း အပင်တွေက ရွက်ဟောင်းကြွေ ရွက်သစ်ဝေနေတဲ့ မြင်ကွင်းက လွမ်းမောဖွယ်ရာ ကောင်းလှပါတယ်။ လာမယ့်နှစ်တွေမှာလည်း မန်းရွှေစက်တော်ကို အန်တီတို့ မိသားစုနဲ့အတူ နောက်တစ်ကြိမ် ဘုရားဖူးလာနိုင်အောင် ကြိုးစားသွားဦးမှာပါ”ဟု ရန်ကုန်မြို့မှ ဘုရားဖူးလာရောက်လည်ပတ်သူ ဒေါ်မြင့်ကြည်က ပြောသည်။
“မန်းရွှေစက်တော်ကို လာလည်ချင်နေတာကြာပြီ။ ရွှေစက်တော်ဘုရားပွဲကို တစ်ခါမှ မရောက်ဖူးသေးလို့ အိမ်က ကလေးငယ်တွေနဲ့အတူ ရောက်ဖူးအောင် လာလိုက်တာပါ။ လမ်းခရီးတစ်လျှောက် အေးချမ်းသာယာပြီး ဘုရားကို ရောက်တော့လည်း ရင်ထဲရော စိတ်ထဲမှာပါ အေးချမ်းပျော်ရွှင်ရပါတယ်။ ဘုရားဖူးခရီးသွားရင်း အလှူအတန်းနဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်တယ်။ ဘုရားပွဲဈေးတန်းမှာ လည်ပတ်ပြီး မန်းချောင်းထဲရေချိုးရတာ အလွန်ပဲ ပျော်စရာကောင်းပါတယ်။ မန်းရွှေစက်တော် ဘုရားကြီးက အေးချမ်းသာယာပြီး ဘုရားဖူး လည်ပတ်ရင်း ပျော်ရွှင်စရာ ကောင်းတဲ့နေရာဖြစ်လို့ ရောက်ဖူးတဲ့သူတွေရော မရောက်ဖူးသေးတဲ့ သူတွေရော ဘုရားဖူးလာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်”ဟု ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်မှ ဘုရားဖူးခရီးသွားပြည်သူ ဒေါ်ဌေးဌေးလှိုင်က ပြောသည်။
မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန် ရုံးပိတ်ရက်များ အပါအဝင် (တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်ထိ) ရက်ပေါင်း ၈၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


