ပုသိမ် ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်ခရိုင် ငပုတော မြို့နယ် ဟိုင်းကြီးကျွန်းမြို့ ခမောက်မော်ကျေးရွာတွင် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ခမောက်မော် ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွန်ကရစ် လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ကွန်ကရစ်လမ်းသစ်ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ အဆိုပါလမ်းသည် ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည် ပေ ၃၂၀၊ အကျယ် ၁၀ ပေနှင့် ဒု ခြောက်လက်မရှိကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောင်ရွက်သော ညောင်တုန်းမြို့နယ် ကုက္ကိုဝ ကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Bored Pile အခြေပြု ကျောက်စီတမံအလျား ပေ ၈၅၀ ဆောင်ရွက်နေမှု အခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော Bored Pile အခြေပြု ကျောက်စီတမံအလျား ပေ ၅၀ တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းမြို့နယ် ကုက္ကိုဝကျေးရွာ ရတနာသိပ္ပံ ကျောင်းတိုက်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။ ယင်းနောက် ရတနာသိပ္ပံကျောင်း ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရန်ကုန်-ပုသိမ်လမ်း မိုင် ၅၉/၄- ၅၉/၅ ကြားတွင် ပေ ၃၀ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင် မျက်နှာပြင်လွှာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အရည်အသွေးပြည့်မီရေး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


