ရောမ    ဖေဖော်ဝါရီ   ၁၇

အီတလီနိုင်ငံ နေပယ်မြို့ရှိ  သမိုင်းဝင် တက်ထရိုဆန်နေစာရို ပြဇာတ်ရုံတွင် ဖေဖော်ဝါရီ ၁၇ ရက်အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ပြဇာတ်ရုံအတွင်း ထိခိုက်ပျက်စီးမှုများဖြစ်ပွားပြီး ၎င်းမီးလောင်မှုမှတစ်ဆင့် ပြဇာတ်ရုံအနီးရှိ ဒေသခံများမှာ မီးခိုးမွှန်သည့် ဝေဒနာခံစားခဲ့ရသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသန္တရမီဒီယာများက ပြောကြားသည်။

ယင်းမတော်တဆမှုသည် နံနက်အရုဏ်တက်ချိန်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ပြဇာတ်ရုံ၏အမိုးမှာ  မီးလောင်ကျွမ်း ပျက်စီးခဲ့ကာ အနီးရှိ လူနေအဆောက် အအုံများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံသတင်းစာ Corriere della Sera ၏ ထုတ်ပြန်ချက်အရ  သိရသည်။ ၎င်းပြဇာတ်ရုံကို သစ်သားဖြင့် တည်ဆောက်ထားသဖြင့် အလျင်အမြန်မီးကူးစက်ခဲ့ကြောင်းနှင့် မီးခိုးလုံးကြီးများ ကောင်းကင်သို့တက်လာသည်ကို တွေ့မြင်ရကြောင်း ဒေသခံများက ပြောကြားသည်။ မီးခိုးငွေ့များကြောင့် အသက်ရှူကျပ်သည့် ဝေဒနာခံစားရသဖြင့်  ဒေသခံလေးဦးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။ မီးသတ်သမားများကို အခင်းဖြစ်ရာနေရာသို့စေလွှတ်ကာ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်စေခဲ့ပြီး  ၎င်းဖြစ်ရပ်နှင့်ပတ်သက်၍  ရဲတပ်ဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လျှပ်စစ်ဆားကစ်များ ရှော့ဖြစ်၍ မီးလောင်ကျွမ်းမှုဖြစ်ခဲ့သည်ဟု ပဏာမသုံးသပ်ချက်ပြုခဲ့သော်လည်း  အကြောင်းရင်းကို  အတည်မပြုနိုင်သေးကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ