ကဘူးလ် ဖေဖော်ဝါရီ ၁၇
အာဖဂန်နိုင်ငံ၏ ပြည်ပပို့ကုန်ပမာဏသည် ယမန်နှစ်အတွင်း ၂၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး နိုရူဒင်အက်ဇီဇီက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားသည်။ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် နိုင်ငံ၏စီးပွားရေးလိုအပ်ချက်များ ဖြည့်ဆည်းရေးအတွက် ရည်ရွယ်ကျင်းပသည့် စီးပွားရေးဆိုင်ရာ ညီလာခံတွင် ၎င်းကအထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ ပြည်ပပို့ကုန်မြင့်တက်လာခြင်းဖြင့် ဒေသတွင်းနိုင်ငံများနှင့် ကုန်သွယ်ရေးအရ ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း ပြသနေသည်ဟု ၎င်းက ပြောကြားသည်။ ညီလာခံအတွင်း အာဖဂန်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့ အကြား ကန်ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိသည့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။ နိုင်ငံ၏ ပြည်ပပို့ကုန်မြှင့်တင်ရေး ဆောင်ရွက်ခြင်းအပြင် ပြည်တွင်းထုတ် ကုန်လုပ်ငန်းများတွင် ဒေသခံများအတွက် အလုပ်များပေးခြင်းဖြင့် နိုင်ငံစီးပွားရေးတည်ငြိမ်စေရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


