ဂျီနီဗာ    ဖေဖော်ဝါရီ   ၁၇

အီရန်နှင့်အမေရိကန်ကြား  ဒုတိယအကြိမ်  နျူကလီးယားအရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပခဲ့ကြောင်း အီရန်နိုင်ငံ ဖားစ်သတင်းအေဂျင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်းဆွေးနွေးပွဲကို ဂျီနီဗာရှိ အိုမန်သံရုံးတွင်ကျင်ပခဲ့ပြီး အိုမန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး  ဆာယိဗာဗင်ဟာမက်ဗင်ဟာမွတ်အယ်ဗူစိုင်ဒီက  စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ခဲ့သည်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့အား အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတိဗ်ဝက်ကော့ဒ်နှင့် သမ္မတထရမ့်၏ သားမက် ဂျာရက်ကူရှနာတို့က ဦးဆောင်ခဲ့ပြီး အီရန်ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဆာယိအဗတ်အေရာချီက ဦးဆောင်ခဲ့ကြောင်း သိရသည်။  အီရန် နျူကလီးယားအရေးနှင့် အမေရိကန်က အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေးတို့ကို တာဝန်ရှိသူများကြားဆွေးနွေးခဲ့သည်။ အမေရိကန်က အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပါက အပြန်အလှန်အနေဖြင့်  အီရန်ဘက်မှ ယူရေနီယံသတ္တုများကို  ပြင်းအားလျှော့ချပေးမည်ဟု အီရန်တာဝန်ရှိသူများက အဆိုပြုခဲ့သည်။

ယခုဆွေးနွေးပွဲသည် အီရန်နှင့်အမေရိကန်ကြား တင်းမာမှုများမြင့်တက်နေချိန်တွင်  ကျင်းပခဲ့ခြင်းဖြစ်သည်။   ပထမအကြိမ်ဆွေးနွေးပွဲကို    အိုမန်နိုင်ငံမြို့တော် မူစကက်တွင် ဖေဖော်ဝါရီ ၆ ရက်က  စတင်ကျင်းပခဲ့ပြီး တာထွက်ကောင်းခဲ့သည်ဟု နှစ်ဖက်စလုံးက ပြောကြားခဲ့သည်။        

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ