ရန်ကုန် ဖေဖော်ဝါရီ ၁၇

 

သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် နိုင်ငံ၏ဂေဟစနစ် ထိန်းသိမ်းကာကွယ်မှုကို အကျိုးပြုလျက်ရှိသည့် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများသို့ နှစ်စဉ်ကမ္ဘာ့ ဆောင်းခိုငှက်များ ဝင်ရောက်ကျက်စားလျက်ရှိရာ အင်းတော်ကြီးကန်၊ အင်းလေးကန်နှင့် မိုးယွန်းကြီးအင်းသို့ အာရှဗဟိုလမ်းကြောင်းနှင့် အရှေ့အာရှသြစတြေးလျ လမ်းကြောင်းကြီးနှစ်ခုမှ ဆောင်းခိုငှက်များ နှစ်စဉ်ဝင်ရောက် ကျက်စားနေကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ပထမဆုံး ရမ်ဆာရေဝပ်ဒေသဖြစ်သည့် ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသို့ ငှက်ပျံသန်းရာလမ်းကြောင်းကြီးနှစ်ခုမှ ဝင်ရောက်နားခိုလျက်ရှိကာ အင်းလေးကန်ဘေးမဲ့တောသို့ အာရှဗဟိုပျံသန်းလမ်းကြောင်းဖြစ်သည့် ယခုရက်ပိုင်းအတွင်း ရေခဲများ ပိုမိုဖုံးလွှမ်းနေသည့် ဆိုက်ဘေးရီးယားဒေသမှလည်းကောင်း၊ အင်းတော်ကြီးကန်သို့ တရုတ်နှင့် ရုရှားနိုင်ငံများမှလည်းကောင်း ဆောင်းခိုငှက်များ ဝင်ရောက်နာခိုးလျက်ရှိသည်။

 

ကမ္ဘာတစ်ဝန်း၌ ငှက်ပျံသန်းရာ လမ်းကြောင်းကြီး ကိုးကြောင်းဖြစ်သော အရှေ့အတ္တလန္တိတ် ပျံသန်းလမ်းကြောင်း၊ ပင်လယ်နက်/မြေထဲပင်လယ် ပျံသန်းလမ်းကြောင်း၊ အနောက်အာရှ အရှေ့အာဖရိက ပျံသန်းလမ်းကြောင်း၊ အရှေ့အာရှ ဩစတြေးလျ ပျံသန်းလမ်းကြောင်း၊ မစ္စစ္စပီ အမေရိက ပျံသန်းလမ်းကြောင်း၊ အတ္တလန္တိတ်အမေရိက ပျံသန်းလမ်းကြောင်း၊ အာရှဗဟို ပျံသန်းလမ်းကြောင်း၊ အနောက်ပစိဖိတ် ပျံသန်းလမ်းကြောင်းနှင့် ပစိဖိတ်အမေရိက ပျံသန်းလမ်းကြောင်းတို့မှ အစာရေစာကြွယ်ဝသော ဒေသများသို့ နှစ်စဉ်ဆောင်းခိုငှက်များ ပျံသန်းဝင်ရောက်ခြင်းဖြစ်သည်။

 

အဆိုပါ ငှက်ပျံသန်းရာ လမ်းကြောင်းကြီးကိုးခုတွင် အာရှဗဟိုပျံသန်းရာလမ်းကြောင်းသည် အတိုဆုံး လမ်းကြောင်းဖြစ်ပြီး ဆိုက်ဘေးရီးယားမှ အာရှတောင်ဘက်နှင့် အရှေ့တောင်ဘက်သို့ ပျံသန်းကြလေ့ရှိကာ နိုင်ငံပေါင်း ၃၀ ကျော်၏ ကောင်းကင်ယံမှ ငှက်မျိုးစိတ်ပေါင်း ၃၀၇ မျိုး ဖြတ်သန်းပျံသန်းခြင်းဖြစ်သည်။

 

အရှေ့အာရှ ဩစတြေးလျပျံသန်း ရာလမ်းကြောင်းသည် ရုရှားအရှေ့ပိုင်းနှင့် အလက်စကားမှ အရှေ့အာရှ၊ အရှေ့တောင်အာရှတို့ကို ဖြတ်သန်း၍ ဩစတြေးလျ၊ နယူးဇီလန်အထိ နိုင်ငံပေါင်း ၃၇ နိုင်ငံမှ နှစ်စဉ် ငှက်ကောင်ရေ သန်း ၅၀ ကျော် ပျံသန်းလျက်ရှိပြီး ကမ္ဘာတစ်ဝန်းရှိ ငှက်မျိုးစိတ်ပေါင်း ၄၉၂ မျိုးနှင့် မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသော ငှက်မျိုးစိတ် ၂၈ မျိုးတို့သည် နိုင်ငံတကာတွင် ရှိသောရေဝပ်ဒေသနေရာ ၉၀၀ နေရာသို့ နှစ်စဉ် ပြောင်းရွှေ့ပျံသန်းလေ့ရှိရာ မြန်မာနိုင်ငံရှိ အင်း၊ အိုင်၊ ကန်များနှင့် သဘာဝဘေးမဲ့တောများသို့လည်း ဝင်‌ရောက်နားခို‌လျက်ရှိသည်။

 

ကမ္ဘာပေါ်တွင် ငှက်မျိုးစိတ်ပေါင်း ၁၀၄၇၃ မျိုးရှိပြီး မြန်မာနိုင်ငံတွင် ၁၁၃၆ မျိုး၊ ထိုင်းနိုင်ငံတွင် ၉၈၂ မျိုး၊ မလေးရှား၌ ၇၈၁ မျိုး၊ စင်ကာပူ၌ ၃၇၅ မျိုး၊ လာအို၌ ၇၁၀ မျိုး၊ နီပေါ၌ မျိုးစိတ် ၉၀၀၊ ဖိလစ်ပိုင်၌ ၆၅၇ မျိုး၊ ဗီယက်နမ်၌ ၈၄၈ မျိုး၊ ကမ္ဘော ဒီးယား၌ ၅၅၃ မျိုးတို့ ရှင်သန် ကျက်စားလျက်ရှိကာ မြန်မာနိုင်ငံ အနေဖြင့် အရှေ့တောင်အာရှနိုင်ငံ များတွင် ဂေဟစနစ်ကြွယ်ဝမှုကြောင့် ငှက်မျိုးစိတ်များပေါများမှုဖြင့် ရေပျော်ငှက်နှင့် ကုန်းနေငှက် အများဆုံးတွေ့ရှိရသော နိုင်ငံအဖြစ် ဂုဏ်တင့်လျက်ရှိသည်။

 

မြန်မာနိုင်ငံရှိ ရမ်ဆာရေဝပ်ဒေသများနှင့် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများသို့ နှစ်စဉ်ဆောင်းခို ငှက်များ ဝင်ရောက်ကျက်စား နားခိုခြင်းသည် ဘေးမဲ့တောတို့၏ ဂေဟစနစ်ကောင်းမွန်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝမှုကို ပြသနေခြင်းဖြစ်ပြီး အဆိုပါဒေသ တို့၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ပြင်ပမှ ဝင်ရောက်လာသော ပိုးမွှားမျိုးစိတ် များကို နှိမ်နင်းပေးခြင်း၊ သီးနှံများ တွင်ကျရောက်လေ့ရှိသည့် ပိုးမွှားများကို ရှင်းလင်းပေးခြင်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို အကျိုးပြုခြင်းနှင့် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းစေခြင်း စသည့်အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။

ဥဿ