ညောင်ဦး ဖေဖော်ဝါရီ ၁၇

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ ရတနာဘုံစံတောရဓမ္မရိပ်သာကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တသာဂရ ဦးဆောင်သော ဖြူစင်မေတ္တာနှင့် သုမင်္ဂလာရေလှူတော်အသင်းက ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ် ရွှေလှိုင်းကျေးရွာရှိ သောက်သုံးရေ လိုအပ်နေသော ဒေသခံပြည်သူများအား သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရန် ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့သည်။

 

လှူဒါန်း

ထိုသို့ သောက်သုံးရေများ လှူဒါန်းပေးရာတွင် ပုဂံမြို့ ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တ သာဂရ ဦးဆောင်သော ဖြူစင်မေတ္တာနှင့် သုမင်္ဂလာရေလှူတော်အသင်းမှ အသင်းသား အသင်းသူများက ရွှေလှိုင်းကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၂၀၀ အား ပွင့်လင်းရာသီကာလ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရန်အတွက် အိမ်ထောင်စု၊ လူဦးရေအလိုက် စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။

 

အလားတူ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေ လှူဒါန်းပေးခြင်းကို ယမန်နေ့ကလည်း ညောင်ဦးမြို့နယ် ထနောင်းစုကျေးရွာသို့ သွားရောက်၍ ဒေသခံပြည်သူများအား ရေဂါလန် ၃၂၀၀ ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း၊ အဆိုပါသောက်သုံးရေများ နေ့စဉ် လှူဒါန်းနိုင်ရန်အတွက် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များက သောက်သုံးရေအလှူငွေများ ပါဝင်ကူညီ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)