မုံရွာ ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ ဟုမ္မလင်းရပ်ကွက်ရှိ တောင်သူ ဒေါ်နော်ဆဲလား စိုက်ပျိုးထားသည့် အောင်နိုင်တိုး စပါးမျိုးတစ်ဧကအတွင်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာရောနှော သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာများ ပေးအပ်၍ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာ တောင်သူ ဒေါ်ရီရီသိန်း စိုက်ပျိုးထားသည့် “အာသန်”မျိုး လက်ဖက်စိုက်ခင်း ရှစ်ဧက၌ လက်ဖက် ခူးစွတ်နေမှုကို သွားရောက် ကြည့်ရှုအားပေးပြီး ဒေသခံ တောင်သူများထံ မြက်ရိတ်စက်များ ပေးအပ်ကာလိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဟုမ္မလင်းမြို့နယ် နောင်မခံကျေးရွာရှိ ဒေသခံတောင်သူများ စားရေရိက္ခာ ဖူလုံစေရေးအတွက် လယ်ယာမြေ ဧက ၃၀၀ အား စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည့် အလျားပေ ၄၅၀၊ အမြင့် ၁၀ ပေ၊ ရေထိပ်ပြင် အကျယ် ၁၂ ပေ မြေသားကန်ပေါင် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာရှိ စိုက်ပျိုးရေး ကုန်ထုတ်လမ်း အရှည် ၁ မိုင် ၂ ဖာလုံ ကျောက်ရောမြေသားလမ်း ခင်းကျင်းပြီးစီးမှုကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


