ရန်ကုန် ဖေဖော်ဝါရီ ၁၇

 

ရုံးပိတ်ရက်ရှည်ကာလဖြစ်သည့် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက်အတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ၏ အထင်ကရ ဘုရား၊ စေတီပုထိုး ၁၈ နေရာသို့ ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်ရာ၌ ရွှေစည်းခုံစေတီတော်မြတ်သို့ ခရီးသွား ၉၀၀၀၀ ကျော်နှင့် ထီးလိုမင်းလိုဘုရားသို့ ခရီးသွား ၆၀၀၀၀ ကျော် ဝင်ရောက်လည်ပတ်ခဲ့သည်။

 

ပိတ်ရက်ရှည် ခရီးသွားကာလအတွင်း ရွှေစည်းခုံစေတီတော်သို့ ပြည်တွင်း/ပြည်ပ ခရီးသွား ၉၀၀၀၀ ကျော် ဝင်ရောက်လည်ပတ်ခဲ့ရာ အထူးသဖြင့် ပြည်ပခရီးသွားများဖြစ်သည့် တရုတ်၊ ဂျပန်၊ ရုရှား၊ ကိုရီးယား၊ သီရိလင်္ကာ၊ ထိုင်း၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ ပိုလန်၊ အီတလီနှင့် ဘရာဇီးနိုင်ငံတို့မှ အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ခရီးသွား မပြတ်တဲ့အတွက် ဒေသခံတွေ အရောင်းအဝယ် အဆင်ပြေကြတဲ့အပြင် ဒေသခံ တိုးဂိုက်တွေလည်း အဆင်ပြေကြတယ်။ ဒီရက်ပိုင်း ခရီးသွားက အားရကျေနပ်စရာပါ။ ဘုရားဖူး မပြတ်တဲ့အတွက် ထီးလိုမင်းလို ဘုရားကို ဘုရားဖူး ၆၀၀၀၀ ကျော် ဝင်ရောက်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုနဲ့ အတူ ခရီးသွားတွေ ဒီထက်မက ဝင်လာမယ်လို့ မျှော်လင့်ထားပါတယ်ဟု ထီးလိုမင်းလိုဘုရား ဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးတင်လှဦးက ပြောသည်။

 

မြန်မာ့ ခရီးသွားရာသီသည် မကြာမီ ဧပြီလ (သင်္ကြန်ကာလ)၌ ပြီးဆုံးတော့မည်ဖြစ်ပြီး မတ်လတွင် ပုဂံသို့ခရီးသွားဝင်ရောက်မှု လျော့နည်းနိုင်သော်လည်း ဧပြီလ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ၌ ပြည်တွင်း/ပြည်ပခရီးသွားများဖြင့် ပုဂံယဉ်ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသည် ယခုကဲ့သို့ အထူးစည်ကားနေမည်ဖြစ်ကြောင်း သိရသည်။

ဥဿ