ရန်ကုန် ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၆ ခုနှစ် (၂၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံသံဃနာယကအဖွဲ့က ကြီးမှူးကျင်းပသော ဝိနယာဓိကစာမေးပွဲ စာအောင်လက်မှတ်နှင့် စာအောင်ဆုပေးပွဲ၊ ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယနိကာယ်၊ ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာ၊ သီလရှင်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနားကို (၄၂)ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပသည်။
ဦးစွာအခမ်းအနားကို နမောဒဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်) မဟာဂန္ဓာရုံဆရာတော် ဘဒ္ဒန္တ ဥတ္တမဘိဝံသထံမှ ဩဝါဒကထာမိန့်ကြားမှုကိုခံယူ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက သာသနာရေးဆိုင်ရာ ဝမ်းမြောက်စကား လျှောက်ထားသည်။
ဆက်ကပ်
ဆက်လက်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ(ရွှေကျင်) မဟာဂန္ဓာရုံ ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဥတ္တမ ဘိဝံသထံ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအနုမောဒနာတရား နာကြားကြပြီး စာအောင်သံဃာနှင့် သီလရှင်များအား ဆရာတော် သံဃာတော်များနှင့် တာဝန်ရှိသူများက စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်ကြသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ အစိုးရဓမ္မာစရိယ နိကာယ်နှင့် ပါဠိပထမပြန်စာမေးပွဲများတွင် သံဃာနှင့်သီလရှင် အပါး ၁၁၀၊ ဝိနယာဓိက စာမေးပွဲတွင် သံဃာနှင့်သီလရှင် အပါး ၁၃၉ အောင်မြင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


