တာလေ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ ပထမအကြိမ်မြောက် မြောင်ဇီး(ခ)မှုန့် (Hmong) တိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ဖေဖော်ဝါရီ ယမန်နေ့နံနက်ပိုင်းက နားဟိုင်းလုံကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုပြီး တာလေတပ်နယ်မှူး ဗိုလ်မှူးစိုင်းနန္ဒက နှစ်သစ်မင်္ဂလာကြိုဆိုဂုဏ်ပြု အမှာစကားပြောကြားကာ မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားများ တိုးတက်ရေးနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းက နှစ်သစ်ကူးပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားများကိုယ်စား ကျေးရွာရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီ ရှမ်း၊ လားဟူ၊ အာခါ၊ မြောင်ဇီး(ခ)မှုန့်ယဉ်ကျေးမှုအဖွဲ့ လူငယ်မောင်မယ်များက တိုင်းရင်းသားရိုးရာ အက၊ အလှများ၊ ခေတ်ပေါ်အဆိုအကများဖြင့် ကပြဖျော်ဖြေကာ နှစ်သစ်ကိုကြိုဆိုခဲ့ကြရာ မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားများ တိုးတက်ရေးနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းနှင့်အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် တိုင်းရင်းသားရိုးရာ အကအဖွဲ့များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော်ကို မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသား ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ဘာသာသာသနာ၊ စာပေ၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာဓလေ့များကို လေးစားဂုဏ်ယူနိုင်စေရန် တိမ်မြုပ်နေသော ရိုးရာယဉ်ကျေးမှုများအား ပြန်လည် ဖော်ထုတ်နိုင်ရန်နှင့် အနယ်နယ်အရပ်ရပ်တွင် ပြန့်နှံ့နေသော မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားများ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့နိုင်ရန် နှစ်သစ်ကူးပွဲတော်ကျင်းခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)


