မြစ်သား ဖေ‌‌ဖော်ဝါရီ ၁၇

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ ဒေသတွင်းစားရေရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွား စေရန်ရည်ရွယ်၍ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများ စိုက်ပျိုးထားသောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။

 

မြစ်သားမြို့နယ် အတွင်း စားသုံးဆီဖူလုံပိုလျှံရေး ဆီထွက်သီးနှံများဖြစ်‌သော နှမ်း၊ မြေပဲ၊ နေကြာ စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ အခြားသီးနှံ စိုက်ပျိုးခြင်းထက်‌ နေကြာသီးနှံသည် ဂရုတစိုက် ဆောင်ရွက်ရခြင်း မျိုးမရှိဘဲ ထွန်ယက်စိုက်ပျိုးရပြီး လူနှင့်လုပ်အားခ၊ အရင်းအနှီးများစွာ မကုန်ကျ၍ စျေးကောင်းရလျှင် ဒေသခံတောင်သူများ ဝင်ငွေကောင်းမွန်ခြင်းကြောင့် ဆီထွက်သီးနှံ နေကြာကို စိုက်ပျိုးရခြင်းဖြစ်သည်။

 

မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အထွက်နှုန်းများ တိုးတက်စေရန်နှင့် အရည်အသွေး ကောင်းမွန်စေရန်အတွက် ဒေသနဲ့ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်အောင်၊ နေကြာမျိုးစေ့နှင့် တောင်သူ နည်းပညာပေးခြင်း လုပ်ငန်းများကိုလည်း ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

 

ယခုအခါ နေကြာတစ်ဧက စိုက်ပျိုးလျှင် ကုန်ကျစရိတ် ရှစ်သိန်းကျပ်ခန့် ကုန်ကျကာ တစ်ဧကအထွက်နှုန်းမှာ ၂၅ တင်းမှ တင်း ၃၀ အထိထွက်ရှိပြီး တစ်တင်းကြိတ်ခွဲလျှင် ဆီ သုံး ပိဿာခွဲမှ လေးပိဿာအထိ ထွက်ရှိကြောင်း၊ တစ်တင်းစျေးနှုန်းမှာ ကျပ် ၇၀၀၀၀ ရောင်းချရသောကြောင့် နေကြာစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံ တောင်သူတစ်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)