တီဟီရန်  ဖေဖော်ဝါရီ  ၁၈

အီရန်နှင့် ရုရှားကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အီရန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး  အလီလာရီဂျာနီနှင့် ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီး ဆာဂေး စီဗီလက်ဗ်တို့က အီရန်နိုင်ငံမြို့တော် တီဟီရန်တွင်  ဖေဖော်ဝါရီ  ၁၇ ရက်က တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။  

အကောင်အထည်ဖော်ဆောင်ရွက်

နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မည့် စီမံကိန်းများတွင် ဖြစ်လာနိုင်သည့် အတားအဆီးများကို ဖယ်ရှားရန်နှင့် နှစ်ဖက်အကြားရရှိခဲ့သည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို အရှိန်မြှင့်အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသူများကြား ကတိပြုခဲ့သည်။ မိမိတို့နှစ်နိုင်ငံကြားတွင် အလွန်ခိုင်မာသည့်   သံတမန်ဆက်ဆံရေး  တည်ရှိနေသည်ကို ဂုဏ်ပြုကြောင်းနှင့် ပြီးခဲ့သည့် နှစ်များအတွင်းက အနောက်နိုင်ငံများ၏ ဖိအားပေးမှုများအပေါ် နှစ်နိုင်ငံစလုံးအနေဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြောင်း အီရန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ  အတွင်းရေးမှူး   အလီလာရီဂျာနီက ပြောကြားသည်။

မိမိတို့နှစ်နိုင်ငံကြား ဆောင်ရွက်ခဲ့သည့်  ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အပြုသဘောဆောင်ပြီး မော်စကိုနှင့် တီဟီရန်ကြား စီးပွားရေး၊   စွမ်းအင်နှင့်  အခြားကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်သွားမည့် သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုကြောင်း ရုရှားနိုင်ငံ   စွမ်းအင် ဝန်ကြီး   ဆာဂေးစီဗီလက်ဗ်က ပြောကြားသည်။

တက်ရောက်

၎င်းသည် (၁၉)ကြိမ်မြောက် အီရန်- ရုရှား  စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးသို့တက်ရောက်ရန် အီရန်နိုင်ငံသို့  ရောက်ရှိနေခြင်းဖြစ်သည်။ ၎င်းသည် ဖေဖော်ဝါရီ ၁၇ ရက်က  အီရန်ရေနံဝန်ကြီး  မိုဆန် ပါက်နီဂျတ်နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား ရေနံ၊ စွမ်းအင်၊ သယ်ယူ ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေးခဲ့ကြောင်း အီရန်နိုင်ငံ ရှာနာသတင်း အေဂျင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ