မနီလာ ဖေဖော်ဝါရီ ၁၈

ဖိလစ်ပိုင်  ဒုတိယသမ္မတ ဆာရာ ဒူတာတေးက  ၂၀၂၈ ခုနှစ်  သမ္မတရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယနေ့ ကြေညာခဲ့သည်။

၎င်း၏ဖခင် ရိုဒရီဂိုဒူတာတေးက နိုင်ငံတော်သမ္မတအဖြစ် ၂၀၁၆ မှ  ၂၀၂၂  ခုနှစ်အထိ  တာဝန်ထမ်းဆောင်ခဲ့သည်။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကို နိုင်ငံတော်အတွက်  ပေးအပ်သွားမည်ဖြစ်ကြောင်း အသက်  ၄၇ နှစ်ရှိ ဒုတိယသမ္မတ ဆာရာဒူတာတေးက  ပြောကြားသည်။

နိုင်ငံတကာရာဇဝတ်ခုံရုံး၏ အမိန့်အရ  ဖိလစ်ပိုင်အာဏာပိုင်များက ပြီးခဲ့သည့်နှစ်တွင် ၎င်း၏ ဖခင် သမ္မတဟောင်း ဒူတာတေးကို ဖမ်းဆီးလိုက်သောအခါ သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနှင့်ဒုတိယသမ္မတ ဆာရာဒူတာတေးတို့၏ ဆက်ဆံရေးအေးစက်သွားခဲ့သည်။

သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက မဲဆွယ်စည်းရုံးမှုအတွင်း  ၎င်းပေးခဲ့သောကတိများကို လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း ဆာရာဒူတာတေးက  ပြောကြားခဲ့သည်။

ထို့ပြင် ရေလွှမ်းမိုးမှုထိန်းချုပ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရောက်ရေးစီမံကိန်းများ ဆောင်ရွက်ရာတွင်  အဂတိလိုက်စားမှု  အရှုပ်တော်ပုံများရှိခဲ့ကြောင်း  ဆာရာဒူတာတေးက သမ္မတ မားကို့စ်အား ဝေဖန်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်သမ္မတတစ်ဦးကို သက်တမ်းခြောက်နှစ် တစ်ကြိမ်သာ ကန့်သတ်ထားသည့်အတွက် သမ္မတမားကို့စ်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရန် မဖြစ်နိုင်တော့ချေ။

ကိုးကား - အင်န်အိတ်ချ်ကေ   

ဘာသာပြန် - အောင်ကျော်ကျော်