လွိုင်ကော် ဖေဖော်ဝါရီ ၁၈
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ရှမ်းစုရပ်ကွက်ရှိ ရွှေကျောင်းပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ ဒီးမော့ဆိုမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး နိုင်ငံတော်မှ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းမည့် ဒီးမော့ဆိုမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တဩသဓဉာဏထံ သာသနာရေး ဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ဝတ္ထုနှင့် နဝကမ္မအလှူငွေများ လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်၊ သံဃာတော်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး လိုအပ်ချက်များ၊ လစ်ဟင်းမှုများမရှိစေရေး ဆပ်ကော်မတီအလိုက် စီစဉ်ဆောင်ရွက်ရန်၊ ဆွမ်းဆန်တော်လောင်းလှူပွဲ၌ ပြည်သူများ ပါဝင်လှူဒါန်းနိုင်ရေး နှိုးဆော်အသိပေးရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


