လီမာ    ဖေဖော်ဝါရီ    ၁၈

ပီရူးသမ္မတဂျိုစ်ဂျာရီသည် အကျင့်ပျက်ခြစားမှုစွပ်စွဲချက်များကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ အဆိုပါဖြစ်စဉ်သည် နိုင်ငံတွင်း သမ္မတတစ်ဦးကို လွှတ်တော်အမတ်များက တတိယအကြိမ် ဆက်တိုက်ဖြုတ်ချခြင်းဖြစ်သည်။

အကျင့်ပျက်ခြစားမှုများကြောင့်  သမ္မတကိုဖယ်ရှားရန် ဖေဖော်ဝါရီ ၁၇ ရက်က အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့သည်။ အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦးက ထောက်ခံမဲပေးခဲ့ပြီး ၂၄ ဦးက ကန့်ကွက်မဲပေးခဲ့သည်။

သမ္မတဂျာရီသည်  စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့်  တိတ်တဆိတ်တွေ့ဆုံပြီး လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားကျင့်သုံးခဲ့ကြောင်း လွှတ်တော်အမတ်များက ပြောကြားခဲ့သည်။ အဆိုပါစီးပွားရေးလုပ်ငန်းရှင်သည် စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့်   အခြားစီးပွားရေးလုပ်ငန်းများကို   နိုင်ငံအတွင်း၌   လုပ်ကိုင်လျက်ရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

၎င်းသည် လွန်ခဲ့သည့်သုံးနှစ်ခန့်က ရေအားလျှပ်စစ်စီမံကိန်းကို လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး  လုပ်ငန်းဆိုင်ရာ  နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။  ဂျာရီသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် သမ္မတရာထူးတာဝန်များကို စတင်ထမ်းဆောင်ခဲ့သည်။ ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း  သမ္မတအဖြစ် ထမ်းဆောင်ခဲ့သော  အဋ္ဌမမြောက်ပုဂ္ဂိုလ်ဖြစ်ကြောင်း  ပြည်တွင်းသတင်းစာတစ်စောင်က ဖော်ပြခဲ့သည်။   ပီရူးသမ္မတ ရွေးကောက်ပွဲကို  ဧပြီလတွင်  ကျင်းပရန်စီစဉ်ထားသည်။  ကိုင်ကိုဖူဂျီမိုရီက သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် လွန်ခဲ့သည့် နှစ်နှစ်က ကွယ်လွန်ခဲ့သော သမ္မတဟောင်း အယ်လ်ဘာတိုဖူဂျီမိုရီ၏အကြီးဆုံး သမီးဖြစ်သည်။      

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်