ဘားအံ ဖေဖော်ဝါရီ ၁၈

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေနှင့် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေတို့ဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာရှိ သံလွင်မြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုပြီး လုပ်ငန်းပိုင်းဆိုင်ရာများ ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာရှိ တောင်သူ ဒေါ်အိဖြူစင်ထွန်း၏ မွေးမြူရေးခြံ၌ ဥစားဘဲကောင်ရေ ၂၀၀၀ မွေးမြူထားရှိမှုကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဘားအံမြို့ အမှတ်(၈)ရပ်ကွက် ရွှေကင်း(၅)လမ်းတွင် Well Pile အခြေပြုကျောက်စီမြေထိန်းနံရံ အလျား ပေ ၂၀၀၊ ရွှေကင်း (၇) လမ်းတွင် Well Pile အခြေပြု ကျောက်စီမြေထိန်းနံရံ အလျားပေ ၂၆၀၊ ရွှေကင်း(၈)လမ်းတွင် Well Pile အခြေပြု ကျောက်စီမြေထိန်း နံရံအလျားပေ ၁၄၀ စုစုပေါင်းအလျားပေ ၆၀၀ သံလွင်မြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)