ဗီယင်ကျန်း ဖေဖော်ဝါရီ ၁၈

လာအိုနိုင်ငံ၏ လျှပ်စစ်ထုတ်လွှတ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဆိုက်ဘာလုံခြုံမှုရှိစေရေးအတွက် ဝန်ဆောင်မှုပေးမည့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းဆိုင်ရာ စင်တာတစ်ခုကို  နိုင်ငံပိုင်လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ရေးလုပ်ငန်း(Electricite du Laos (EDL) ) နှင့် မိတ်ဖက် အဖွဲ့အစည်းများကြား  ဖွင့်လှစ်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယခုဆောင်ရွက်ချက်သည် နိုင်ငံပိုင် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ရေးလုပ်ငန်း၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာ အဓိကမှတ်တိုင် တစ်ခုဖြစ်ပြီး နိုင်ငံပိုင်လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံအပေါ် ဆိုက်ဘာခြိမ်းခြောက်မှုများအတွက် ကိုင်တွယ်ဖြေရှင်းရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း   လာအိုနိုင်ငံပိုင်   လျှပ်စစ်ဓာတ်အားထုတ်လွှတ်ရေး၏ ဖေဖော်ဝါရီ ၁၈ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ယခုဖွင့်လှစ်မည့် စင်တာသည် လျှပ်စစ်ဓာတ်အားထုတ်လွှတ်ရေး အခြေခံအဆောက်အအုံအပေါ်  ကျရောက်လာမည့် ဆိုက်ဘာခြိမ်းခြောက်မှုများကို အချိန်နှင့်တစ်ပြေးညီစောင့်ကြည့် တားဆီးမည့် ကွပ်ကဲရေးစင်တာအဖြစ်ဆောင်ရွက်မည်ဖြစ်သည်။ ယခုဖွင့်လှစ်မည့်စင်တာသည် နိုင်ငံပိုင်လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ရေးလုပ်ငန်း ခိုင်မာအားကောင်းစွာ လည်ပတ်ဆောင်ရွက် နိုင်ရေးရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။ ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားထုတ်လွှတ်ရေးလုပ်ငန်းအပေါ် နိုင်ငံသားများ ယုံကြည်မှုတိုးပွားလာမည်ဖြစ်ကာ ယင်းလုပ်ငန်း၏ ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ဆောင်မှုပေးရေးရည်မှန်းချက်များကို အားဖြည့်ရာရောက်ကြောင်း သိရသည်။                      

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ