စစ်တွေ ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ပိုင် သားဖွားခန်း အဆောက်အအုံ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ အဆောက်အအုံရှေ့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကက ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးစသည့် ကဏ္ဍအသီးသီးတွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြားလူမှုရေးအဖွဲ့များ၊ ဒေသခံရပ်မိရပ်ဖများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယခုအသင်းပိုင်သားဖွားခန်း အဆောက်အအုံသစ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အသစ်ပြန်လည် တည်ဆောက်ကာ အောင်မြင်စွာ ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ပေးပါသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် သားဖွားခန်းအဆောက်အအုံအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အမှတ်တံဆိပ်ရုပ်တုနှင့် ဆိုင်းဘုတ်တို့ကို အမွှေးနံ့သာရည်ပက်ဖျန်းပေးကြပြီး သားဖွားခန်း အဆောက်အအုံကို လှည့်လည်ကြည့်ရှု စစ်ဆေးကြကာ အဆောက်အအုံဖွင့်ပွဲတွင် ပါဝင်ကူညီပေးကြသော ဘင်ခရာအဖွဲ့၊ ပန်းဖွားအဖွဲ့နှင့် အေရိုးဗစ်အဖွဲ့မှ ကျောင်းသား ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ သာမန်၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် စပ်လျဉ်းသည့်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


