နေပြည်တော် ဖေဖော်ဝါရီ ၁၈
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်း အသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၂) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်း များအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၂)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်း တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာ တည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း
နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့ အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီ ဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၂၂)မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်း တက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်။
၁။ ကျွန်တော်က ဒီပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂)ကို မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက်၊ တားမြစ်ချက်နဲ့ မဟုတ်ဘဲနဲ့ မိမိရဲ့သဘောဆန္ဒ အလျောက်နဲ့ လာတက်ရောက် ခြင်းဖြစ်ပါတယ်။ ကျွန်တော်က ပြည်သူ့စစ်မှုထမ်း သင်တန်းကို မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်တဲ့အတွက် ကိုယ့်တိုင်းပြည်ကို ကိုယ်ကျရာ အခန်းကဏ္ဍကနေ ကာကွယ်ချင်တဲ့ စိတ်ဆန္ဒတစ်ခုနဲ့ လာတက်တာပါ။ တပ်မတော် အင်အားရှိမှ တိုင်းပြည်ကလည်း အင်အားရှိလာမှာပါ။ နိုင်ငံ သားတိုင်း မဖြစ်မနေတက်ရောက်ရမယ့် ပြည်သူ့စစ်မှုထမ်းသင်တန်း ဖြစ်တဲ့အတွက်ကို နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ အဲဒီအတွက် နောင်လာမယ့် ညီငယ်လေးတွေ ကိုလည်းဒီနေရာကနေ ဖိတ်မန္တက ပြုပါတယ်။ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်မိသားစု အတွက်ကို ကာကွယ်ရာရောက်ပါ တယ်။ ဒီသင်တန်းမှာ ပို့ချတဲ့ အရာတွေကို စည်းကမ်းတကျနဲ့ သေချာလေ့ကျင့် လိုက်နာ ဆောင်ရွက်မယ်ဆိုရင် နိုင်ငံတော်အတွက် တကယ်အားကိုးအားထားရတဲ့ နိုင်ငံ့သားကောင်းတွေဖြစ်မယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်။ ရဲရဲဝံ့ဝံ့လည်းအာမခံပါတယ်။
၂။ ကျွန်တော်ကတော့ ဒီပြည်သူ့ စစ်မှုထမ်းအမှတ်စဉ် ( ၂၂ ) ကို ကျွန်တော့်စိတ်ဆန္ဒနဲ့ ကျွန်တော့် သဘောနဲ့ ဝါသနာပါလို့ဝင်ရောက် လာခြင်းဖြစ်ပါတယ်။ ပြီးတော့ ပြည်သူ့စစ်မှုထမ်း ဆိုတာကလည်း နိုင်ငံသားတိုင်း ပါဝင် ဆောင်ရွက်ရမယ့် အရာတစ်ခု ဖြစ်တဲ့အတွက်ကို မြန်မာနိုင်ငံသားတိုင်းအတွက် ဂုဏ်လည်းရှိတယ်။ နိုင်ငံ့သားကောင်း တစ်ယောက် ဖြစ်ဖို့အတွက်ကို လည်း ကျွန်တော်တို့ကို ဒီသင်တန်း ကျောင်းကြီးကနေပြီးတော့ အကောင်းဆုံး ပို့ချသင်ကြား ပေးတာဖြစ်တဲ့ အတွက်ကို ယောကျ်ားကောင်း တစ်ယောက် ဖြစ်ဖို့၊ နိုင်ငံ့သားကောင်း တစ်ယောက်ဖြစ်ဖို့အတွက် ပြည်သူ့ စစ်မှုထမ်းဆိုတာ မဖြစ်မနေ ပါဝင်ဆောင်ရွက်ရမယ့်ဟာ တစ်ခု ဖြစ်ပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ တပ်မတော်သား တစ်ယောက်ဖြစ်ဖို့ဆိုတာကတော့ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးပေါ့။ အရင်တုန်းက အရပ်သားဘဝမှာ နေချင်သလိုနေခဲ့တယ်။ စားချင် သလိုစားခဲ့တယ်၊ သွားလာနေထိုင်ခဲ့တယ်။ ဒါပေမဲ့ တပ်မတော်သား တစ်ယောက်ဖြစ်ဖို့အတွက် ဆိုရင်တော့ စည်းကမ်းတကျနဲ့ စစ်စည်းကမ်းအရ နေရမယ်။ ဘယ်လို အခက်အခဲမျိုးပဲရှိရှိ ကိုယ်ဝါသနာပါလို့ ဝင်ရောက်လာတယ်။ နိုင်ငံတော်ကို ကာကွယ်ချင်တယ်။ ကိုယ့်မိသားစုကို ကာကွယ်ချင်တယ်ဆိုရင်တော့ ဘယ်လိုအခက် အခဲမျိုးကိုမဆို အကောင်းဆုံး ကြိုစားပြီးတော့ ဆောင်ရွက်သွားရမယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။
သတင်းစဉ်


