မြစ်ကြီးနား ဖေဖော်ဝါရီ ၁၈

 

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကချင်ပြည်နယ် ဘဏ္ဍာရန်ပုံငွေအစီအစဉ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများ ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ချိန်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင် ပါဝင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (ငွေလုံးငွေရင်း) အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ အလေးထားလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကိုလည်းကောင်း၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဌာန၊ အဖွဲ့အစည်းများ၏ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့်ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ပြီးစီးအောင် ဆောင်ရွက်သွားမည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ညွှန်ကြားချက်နှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အဆိုပါအစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် နုကျန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား နားလည်မှုစာချွန်လွှာ (မူကြမ်း)နှင့်စပ်လျဉ်း၍ စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၏ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

ထို့နောက် နားလည်မှုစာချွန်လွှာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးက နားလည်မှုစာချွန်လွှာ(မူကြမ်း)နှင့်စပ်လျဉ်း၍ ပြင်ဆင်ပေးပို့လာမှုအပေါ် ဆွေးနွေးဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် စိစစ်ရေးကော်မတီအတွင်းရေးမှူးက နားလည်မှုစာချွန်လွှာ(မူကြမ်း) ပါအချက်များ ပြင်ဆင်ပေးပို့လာမှုအပေါ် စာပိုဒ်တစ်ခုချင်းအလိုက် ပြင်ဆင်ဖြည့်စွက်ပေးရမည့် အချက်အလက်များကို တင်ပြကြရာ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံး ပြင်ဆင်ပေးပို့နိုင်ရေးနှင့် စာချွန်လွှာမူကြမ်းပါ အချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၆) ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

 

အစည်းအဝေးတွင် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေဆိုင်ရာများကိုလည်းကောင်း၊ ကော်မတီအတွင်းရေးမှူးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို လည်းကောင်း၊ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နိုင်မှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)