ရန်ကုန် ဖေဖော်ဝါရီ ၁၈

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် တိုက်ကြီးမြို့နယ် ဂျိုးဖြူကျေးရွာအုပ်စုရှိ တောင်သူ ဦးကျော်ဝင်းအောင်၏ ဆီထွက်သီးနှံနေကြာစိုက်ခင်းများနှင့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးသည့် နွေစပါးစိုက်ခင်းများကိုလည်းကောင်း၊ တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာအုပ်စုရှိ တောင်သူ ဦးတင်အောင်ကျော်၏ မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးသည့် နွေစပါးစိုက်ခင်းများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုပြီး စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေးနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လိုအပ်သည်များကို မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုက်ကြီးမြို့နယ် အဖျောက်မြို့ အမှတ် (၁) ရပ်ကွက်အနီး ရေကြီးရေလျှံမှုကာကွယ်ရေးတာနှင့် အဖျောက်မြို့ မြစ်ကမ်းပါးကြံ့ခိုင်မှုအခြေအနေကို လည်းကောင်း၊ တိုက်ကြီးမြို့နယ် ပန်းတုန်းပိတ်ကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်ကိုလည်းကောင်း လှည့်လည်ကြည့်ရှုသည်။

 

ကြည့်ရှုစဉ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ပန်းတုန်းပိတ်ကျေးရွာ ကမ်းပြိုကာကွယ်ရေးဖြစ်သည့် Bored Pile အခြေပြု ကျောက်စီနံရံ အလျားပေ ၂၀၀ ဆောင်ရွက်ပြီးစီးမှု၊ ကြွေပန်းကန်ချောင်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဖြစ်သည့် Geobag အခြေပြု Geotextile ကမ်းထိန်းတမံ အလျားပေ ၅၀၀ ဆောင်ရွက်ပြီးစီးမှုနှင့် ရေကာဟောင်းများ ပြုပြင်ထိန်းသိမ်းပြီးစီးမှုအခြေအနေနှင့် အဖျောက်မြို့ ရေလမ်းတည်ငြိမ်ကောင်းမွန်ပြီး ကမ်းပြိုမှုမှကင်းဝေးစေရေးအတွက် ရေလမ်းပြုပြင် ထိန်းသိမ်းရေးအစီအမံတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီရေး၊ ရေရှည်တည်တံ့ရေးနှင့် အချိန်မီပြီးစီးရေးနှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုက်ကြီးမြို့နယ် တော်လတီကျေးရွာအုပ်စုတွင် သပြေတန်းလျှပ်စစ်မြစ်ရေတင်အစီအစဉ်ဖြင့် မြစ်ရေပေးဝေနေမှုနှင့် Solar များ တပ်ဆင်ထားရှိမှုကိုလည်းကောင်း၊ ၂၀၂၅-၂၀၂၆ တိုင်းဒေသကြီး ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တိုက်ကြီးမြို့နယ် ရေတွင်းကုန်း - မြို့ချောင်း - တော်လတီ - ရွာသာ လမ်းမိုင်တိုင်(၂၁)မိုင်မှ (၂၂)မိုင်အတွင်း ၁၈ ပေအကျယ် ကွန်ကရစ်လမ်း တိုးချဲ့ဆောင်ရွက်နေမှုကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)