ဖေဖော်ဝါရီ ၁၉

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချီဆိပ်ကမ်းမြို့ရှိ သုံးထပ်လူနေအဆောက်အအုံတစ်လုံးတွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ခြောက်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအရာရှိများက ပြောကြားခဲ့သည်။

အဆိုပါအဆောက်အအုံ၏ ပထမထပ်တွင် ပေါက်ကွဲမှုကြောင့် အဆောက်အအုံ၏ တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင် Rescue 1122 က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ပေါက်ကွဲမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များရရှိပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းသွားရောက်ခဲ့ကြသည်။

အဆောက်အအုံအပျက်အစီးများအတွင်းမှ ထိခိုက်ဒဏ်ရာရရှိသူများစွာကို ကယ်ဆယ်ဆွဲထုတ်ယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းစစ်ဆေးမှုများအရ ပေါက်ကွဲမှုသည် ဆလင်ဒါ သို့မဟုတ် ဓာတ်ငွေ့စုပ်စက်မှ ဖြစ်နိုင်သည့် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကလေးငယ်များအပါအဝင် ဒဏ်ရာရရှိသူများကို အနီးနားရှိ ဆေးရုံအသီးသီးသို့ ပို့ဆောင်ခဲ့ပြီး အပျက်အစီးများအောက်တွင် ပိတ်မိနေသူများမရှိစေရန် ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို