ဂျပန်ပညာရေးဝန်ကြီးဌာနသည် နိုင်ငံခြားကျောင်းသားများကို ဆွဲဆောင်ရန် နိုင်ငံတကာပြိုင်ဆိုင်မှုများ ပြင်းထန်လာချိန်တွင် အမျိုးသားတက္ကသိုလ်သုံးခုတွင်  ပြည်ပကျောင်းသားများကို ပိုမိုလက်ခံခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ နိုင်ငံခြားသားကျောင်းသား စံချိန်တင် ၃၃၆၇၀၈ ဦး ရှိခဲ့သည်ဟု ဆိုသည်။ ၂၀၃၃ ခုနှစ်တွင် နိုင်ငံခြားသားကျောင်းသား ၄၀၀၀၀၀ အထိ တိုးမြှင့်လက်ခံရန် ရည်ရွယ်ထားသည်ဟု သိရသည်။

ထိုဝန်ကြီးဌာနသည် နိုင်ငံခြားကျောင်းသားများအတွက် တက္ကသိုလ်များ၏ အကန့်အသတ်ဖြင့်ခွင့်ပြုသည့်ပမာဏကို ဖြေလျှော့ပေးသည့် အထူးစနစ်တစ်ခုကို မိတ်ဆက်ခဲ့သည်။

၎င်းစနစ်ကို လိုအပ်ချက်အချို့နှင့် ကိုက်ညီသော ကျောင်းသုံးကျောင်းဖြစ်သည့် Tohoku တက္ကသိုလ်၊ Tsukuba တက္ကသိုလ်နှင့် Hiroshima တက္ကသိုလ်တို့တွင် အသုံးချမည်ဖြစ်သည်။ ယင်းတက္ကသိုလ်တစ်ခုချင်းစီတွင် နိုင်ငံခြားသားကျောင်းသားများ၏ ရာခိုင်နှုန်းသည် လက်ရှိတွင် ဂဏန်းတစ်လုံးတည်းသာ ရှိသည်။

၂၀၂၃ ခုနှစ်တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုတွင် ဘွဲ့ကြိုဘာသာရပ်များတွင် နိုင်ငံခြားကျောင်းသားအချိုးမှာ သြစတြေးလျတွင် ၁၇ ရာခိုင်နှုန်းနှင့် ဗြိတိန်နှင့် ကနေဒါတွင် ၁၅ ရာခိုင်နှုန်းရှိသော်လည်း ဂျပန်တွင် ၃ ရာခိုင်နှုန်းသာရှိသည်ဟု သိရသည်။

ပြည်ပမှ ထူးချွန်သောကျောင်းသားများသည် ဂျပန်တက္ကသိုလ်များ၏ သုတေသနစွမ်းရည်များကို အားကောင်းစေပြီး သင်ယူမှုအရည်အသွေးကို မြှင့်တင်ပေးလိမ့်မည်ဟု ပညာရေးဝန်ကြီးဌာနကမျှော်လင့်ထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို