နေပြည်တော် ဖေဖော်ဝါရီ ၁၉

 

သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ သုတေသန အကြံပေးကော်မတီ (RAC) ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီက နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်း ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သစ်တော သုတေသနဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ 

 

ဦးစွာ ဒုတိယဝန်ကြီးက သုတေသန အကြံပေးကော်မတီကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်သည့် လမ်းညွှန်မှုများပေးပို့နိုင်ရန် ရည်ရွယ်ကြောင်း၊ သုတေသန စာတမ်းဖတ်ပွဲ (၃၆)ကြိမ်အတွင်း စာတမ်းစုစုပေါင်း ၆၂၂ စောင်ကို ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ မကြာခင် ကျင်းပမည့် (၃၇)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍဆိုင်ရာ သုတေသနအကြံပေး ကော်မတီ (RAC) ပဉ္စမအကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ သစ်တောသုတေသနဌာနခွဲ ညွှန်ကြားရေးမှူးက (၃၇)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ အစီအစဉ်ကို လည်းကောင်း ရှင်းလင်း တင်ပြကြပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်မည့် သုတေသန အဆိုပြုလွှာများကို ဆွေးနွေး တင်ပြကာ ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်