ကဘူး ဖေဖော်ဝါရီ ၁၉
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပါဝန်ပြည်နယ် ၌ ဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အအုံ စီမံကိန်း စုစုပေါင်း ၁၈၃ ခုကို အကောင်အထည်ဖော်ဆောင်ပြီးစီးခဲ့ကြောင်း ကျေးလက်ဒေသ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားသည်။
မြေထိန်းနံရံများ၊ ရေမြောင်းများတည်ဆောက်ခြင်းနှင့် ကျေးလက်လမ်းများ ဖောက်လုပ်ခြင်းအပါအဝင် အဆိုပါစီမံကိန်းများကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်း အကုန်အကျခံကာ အကောင်အထည်ဖော်တည်ဆောက်ခဲ့သည်။
ထို့ပြင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၇ သန်းကျော် တန်ဖိုးရှိသည့် အရှေ့ဘက် လက်ချ်မန်ပြည်နယ် ရှိ ကျေးလက်လမ်းများနှင့် ဆည်မြောင်းတူးမြောင်းများ ပါဝင်သော ပရောဂျက် ၁၆၂ ခုကိုလည်း တည်ဆောက်ပြီးစီးကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အာဖဂန်အစိုးရသည် စီးပွားရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံတစ်ဝန်း၌ ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံနှင့် စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော်ရန် ကတိပြုထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


