ကော့သောင်း ဖေဖော်ဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့ရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်နေရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
မှာကြား
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် တော်ဝင်ကွန်ကရစ်ဆိပ်ခံတံတား အကြီးစား ပြုပြင်မွမ်းမံခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများ၊ ကုန်ပစ္စည်းတင်သွင်း၊ တင်ပို့မှု လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုကာ ကော့သောင်းမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး ဆိပ်ကမ်းအရာရှိနှင့် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ရွှေပြည်သာ ဓာတ်အားပေးစက်ရုံသို့ သွားရောက်ရာတာဝန်ရှိသူများက ကော့သောင်းမြို့အတွင်း ဖိုးသီးချို(PTC) ကုမ္ပဏီ၏ ဒီဇယ်အင်ဂျင်ဓာတ်အားပေး စက်များနှင့် အသစ်တည်ဆောက် ပြီးစီးပြီးဖြစ်သော (SCG)ဆိုလာ ဓာတ်အားပေးစက်ရုံတို့ ပေါင်းစပ် မောင်းနှင်၍ ဓာတ်အားဖြန့်ဖြူးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော့သောင်းမြို့နေပြည်သူများ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်နှုန်းထားအား ယခုထက် ပိုမိုဈေးနှုန်းသက်သာစေရေးအတွက် နေ့ပိုင်းဓာတ်အား သုံးစွဲမှု Total Load (2500 KW) အနက် ဆိုလာစွမ်းအင်မှ (2000 KW)အထိ တိုးမြှင့်ဝင်ရောက်နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ယခုကဲ့သို့ ဆိုလာစွမ်းအင်မှ ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ပါက ဈေးနှုန်းကြီးမြင့်သည့် ဒီဇယ်ဆီသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် ပြည်သူများအတွက် ဓာတ်အားခနှုန်းထားများ သိသိသာသာ ထပ်မံလျော့ကျ လာမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


