နေပြည်တော် ဖေဖော်ဝါရီ ၁၉
ကျောင်းသား ကျောင်းသူများ ဥပဒေဆိုင်ရာ အသိပညာတိုးပွားစေရန်နှင့် လူကုန်ကူးမှုအန္တရာယ်ကို နားလည်သိရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၃ နာရီက Naypyitaw State Academy ရှိ ဘက်စုံခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် Naypyitaw State Academy ပါမောက္ခချုပ် ဒေါက်တာနုနုလွင်က ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမှတ်(၁) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ (နေပြည်တော်)တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး မိုးမိုးထွန်းက လူကုန်ကူးမှု ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းများ၊ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းနှင့် အကူအညီပေးခြင်း အစီအစဉ်များ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှု ပြစ်ဒဏ်များ၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များကို အသိပညာပေး ဆွေးနွေးဟောပြောသည်။
ထို့နောက် Naypyitaw State Academy ဒုတိယပါမောက္ခချုပ် (သင်တန်း) ဒေါက်တာစိုးစိုးအောင်က အမှတ်တရ ဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။
ဟောပြောပွဲသို့ Naypyitaw State Academy ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ/ တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
သတင်းစဉ်


