တိုကျို   ဖေဖော်ဝါရီ  ၁၉

ဂျပန်နိုင်ငံသို့ပြေးဆွဲမည့် ပြည်တွင်းနှင့်  နိုင်ငံတကာလေယာဉ်များတွင် Power BanK များ  သယ်ဆောင်အသုံးပြုခွင့်ကို ဧပြီလမှစတင်၍   ပိတ်ပင်မည်ဖြစ်ကြောင်း ဂျပန်ပို့ဆောင်ရေးဝန်ကြီးဌာနက ပြည်တွင်းလေကြောင်းလိုင်းများအား  အသိပေးခဲ့သည်။

ယခုဆောင်ရွက်ချက်သည် ခရီးသည်တင်လေယာဉ်များတွင်  Power   Bank   များကြောင့်  မီးလောင်မှုများဖြစ်ပွားခြင်းကို တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုသတ်မှတ်ခဲ့သည့်  စည်းမျဉ်းအရ ခရီးသည်များအနေဖြင့် မိုဘိုင်းဖုန်းများနှင့် အခြား  အီလက်ထရွန်နစ်ကိရိယာများကိုလေယာဉ်အတွင်း   Power Bank များဖြင့် အားဖြည့်သွင်းခြင်းကို  တားမြစ်ထားပြီး ယင်း  Power Bank များကိုလည်း လေယာဉ်ပေါ်တွင် အားသွင်းခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ နိုင်ငံတကာလေကြောင်းလိုင်းအချို့ကလည်း လက်ရှိအချိန်တွင် လေယာဉ်များ၌ Power Bank များ သယ်ဆောင်သုံးစွဲခွင့်ကို ပိတ်ပင်ထားသည်။ ၎င်းစည်းမျဉ်းကို နိုင်ငံတကာတွင် တိကျစွာချမှတ်ဆောင်ရွက်ရန် အတွက် အချိန်ကာလသတ်မှတ်ရန် နိုင်ငံတကာ မြို့ပြလေကြောင်း အဖွဲ့ကလည်း   ကြိုးပမ်းဆောင်ရွက်နေသည်။   

ယမန်နှစ် ဇန်နဝါရီလက တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှ  ထွက်ခွာလာသည့် လေယာဉ်တစ်စင်း ပေါ်တွင် Power Bank ပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ခဲ့ပြီး   ယမန်နှစ် စက်တင်ဘာလက ဂျပန်လေယာဉ်တစ်စင်းပေါ်တွင် Power Bank အပူလွန်ကဲရာမှ မီးခိုးများထွက်လာခဲ့ကြောင်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ