ဖေဖော်ဝါရိ ၂၀
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် မဟာမိတ်များကိုစုစည်းကာ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့သည်။ ၎င်း၏ အဖွဲ့အစည်းအသစ်သည် ဂါဇာဒေသတိုးတက်မှုကို အဓိကထားသော်လည်း ၎င်းတို့၏ရည်မှန်းချက်များ ပိုမိုကျယ်ပြန့်ကြောင်း ဖော်ပြထားသည်။
ထရမ့်၏ အာဏာရှင်ဆန်သော မိတ်ဆွေများအပါအဝင် ကမ္ဘာ့ခေါင်းဆောင် နှစ်ဒါဇင်ခန့် သို့မဟုတ် အခြားအကြီးတန်းအရာရှိများသည် ဝါရှင်တန်သို့ အစည်းအဝေးအတွက်လာရောက်ခဲ့ကြပြီး အမေရိကန်၏အစီအစဉ်များကို ရိုးရာအစဉ်အလာအရ လက်မှတ်ရေးထိုးသော ဥရောပဒီမိုကရက်များ လုံးဝမရှိသလောက်ဖြစ်သည်ဟု သိရသည်။
ထရမ့်အစိုးရသည် ကာတာ၊ အီဂျစ်တို့နှင့် ပူးပေါင်း၍ ဂါဇာတွင် နှစ်နှစ်ကြာ ပြင်းထန်သော စစ်ပွဲကို ရပ်တန့်ရန် အောက်တိုဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဖွဲ့စည်းခဲ့သည်။
အမေရိကန်ပြည်ထောင်စုက ဟားမတ်စ်တို့လက်နက်ဖြုတ်သိမ်းရေး အဓိကထားသောအစီအစဉ်သည် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုသည်။
ငြိမ်းချမ်းရေးဘုတ်အဖွဲ့အစည်းအဝေးတွင် ထရမ့်သည် အပျက်အစီးများအောက်တွင် အဆောက်အအုံ အများစုရှိနေသည့် ဂါဇာအတွက် အပန်းဖြေစခန်းများ တည်ဆောက်ရန် အကြံပြုထားသည့် ဒေါ်လာ ၅ ဘီလီယံကျော် ကတိကဝတ်နှင့်ပတ်သက်ပြီး အသေးစိတ်ဖော်ပြရန် မျှော်လင့်ရသည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-မြင့်မြင့်ချို


