မော်လမြိုင် ဖေဖော်ဝါရီ ၂၀
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲအခွန်ဥပဒေများနှင့်အညီ ရွှေနှင့်လက်ဝတ်ရတနာ အရောင်းဆိုင်လုပ်ငန်းများမှ ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝ ရရှိရေးအတွက် အခွန်စည်းကြပ်မှုများ ဆောင်ရွက်ရာတွင် အခွန်ထမ်းများ၏ တင်ပြမှုနှင့် သတင်းအချက်အလက်များအပေါ်အခြေခံ၍ စိစစ်မှုများ ဆောင်ရွက်ရာ၌ နိုင်ငံတစ်ဝန်းလုံး သတင်းအချက်အလက်များ ချိတ်ဆက်နိုင်ရေးနှင့် တစ်ပြေးညီ စနစ်ကျနစေရေးအတွက် အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ ကျင်းပသည်။
ရှင်းလင်းဆွေးနွေး
အခမ်းအနားတွင် မွန်ပြည်နယ် အခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီကရွှေနှင့် လက်ဝတ်ရတနာ အရောင်းဆိုင်လုပ်ငန်းရှင်များအား ၂၀၂၄-၂ဝ၂၅ ဝင်ငွေနှစ်ကာလအတွက် ယခင်ကြေညာလွှာတင်ပြမှုအရ အခွန်စည်းကြပ်မှုခံယူပြီးဖြစ်သော်လည်း မိမိအမှန်ရောင်းရငွေနှင့် ကွာခြားချက်များ ဖြစ်ပေါ်နေပါက ထပ်မံ၍ ပြင်ဆင်ကြေညာလွှာတင်သွင်းပြီး ဘဏ္ဍာနှစ်မကုန်မီ ကာလအတွင်း ပြင်ဆင်စည်းကြပ်မှုများခံယူ၍ ကျသင့်အခွန်နှင့် ဒဏ်ငွေများ ပေးဆောင်ရန်ကိစ္စရပ်များ၊ “ရွှေလုပ်ငန်းဆိုင်ရာ အဆိုပြုလွှာများ စိစစ်ရေးအဖွဲ့” မှ စစ်ဆေးတွေ့ရှိပါက အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေအရ ဒဏ်ကြေးငွေများ ကျသင့်စေခြင်းများ၊ ရွှေထည်လက်ဝတ် ရတနာများ ရောင်းချသည့်လုပ်ငန်း၏ ပြေစာများအပေါ်တွင် ကျသင့်မည့် အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်စေခြင်း စသည့်အခွန်ဆိုင်ရာရှင်းလင်း ဆွေးနွေးခြင်းကို ရှင်းလင်း ဆွေးနွေးသည်။
အဆိုပါ အခွန်ဆိုင်ရာရှင်းလင်း ပွဲအခမ်းအနားသို့ မွန်ပြည်နယ်အတွင်းရှိ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ကနဦးစိစစ်ရေး အဖွဲ့ဝင်များ၊ ပြည်နယ်/မြို့နယ် ရွှေလုပ်ငန်းရှင် အသင်းအဖွဲ့ဝင်များ၊ ရွှေလုပ်ငန်းရှင်များ၊ မြို့နယ်အခွန်ဦးစီးဌာနမှူးများ စုစုပေါင်း ၁၅၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


