မန္တလေး ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းဝန်းကျင်ရပ်ကွက် မြို့နယ်သမဝါယမအသင်းစုရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်သည်။
ဦးစွာ ချမ်းအေးသာစံမြို့နယ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ သဘာပတိ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုဝေဝေထွန်း၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှဥက္ကဋ္ဌ ဦးထွန်းလှိုင်၊ ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးမာဋ္ဌေးတို့က အမှာစကား ပြောကြားသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်းများ၊ မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာများကို ဖတ်ကြားအတည်ပြုခဲ့ကြသည်။
ထို့နောက် ချမ်းအေးသာစံမြို့နယ် သမဝါယမအသင်းစုအတွင်းရှိ အခြေခံအသင်း ၈၆ သင်းအား အစုထည့်ဝင်မှုအပေါ် အကျိုးအမြတ်ငွေများ ခွဲဝေပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)


