လွိုင်ကော် ဖေဖော်ဝါရီ ၂၀
တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ကယားပြည်နယ်လွှတ်တော် အစည်းအဝေးများ ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် ပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ လွှတ်တော်ကိုယ်စားလှယ်များ စိတ်အေးချမ်းသာစွာ လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရေးအတွက် ရုံးနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်း
ထို့နောက် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးများကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ် သယံဇာတရေးရာဝန်ကြီးက လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
အစည်းအဝေးအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၊ ရုံးခန်းများ၊ ရေးရာကော်မတီရုံးခန်းမနှင့် ကိုယ်စားလှယ်များနားနေခန်း ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


