နေပြည်တော် ဖေဖော်ဝါရီ ၂၀

 

မြဝတီမြို့၌ ငွေကျပ် ၉၂၈၉ ဒသမ ၇ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၇ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ပြည်သာယာ (၄) လမ်းရှိ အောင်လွင် (ခ) မောင်ထင်း (၂၅) နှစ် ငှားရမ်းနေထိုင်သည့် အခန်းအမှတ် (၂) အား ဝင်ရောက်ရှာဖွေရာ နေအိမ်ခန်းအတွင်း ၎င်းနှင့်အတူ မြဝတီမြို့ အမှတ် (၄) ရပ်ကွက်နေသူများဖြစ်သည့် မရီရွှင်ကြည်း (၂၀) နှစ်၊ ရဲဝင်းနိုင် (ခ) ရန်ကျုံးခံ (၂၀) နှစ်၊ လောက်ချိန် (၃၉) နှစ်နှင့် ပြင်ဦးလွင်မြို့နယ် ရေချမ်းအိုးကျေးရွာနေ အားစော (၃၃) နှစ်တို့ ငါးဦးကို စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၁၂ ဒသမ ၁၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၃၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၄၂၅၂ ဒသမ ၅ သိန်း)၊ အက်တက်စီဆေးပြား ၂၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁၀၀၀)၊ HAPPY WATER ၄၇၅ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၈၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၃၈၀)၊ HAPPY WATER ရောစပ်ရာတွင် အသုံးပြုသည့် အရောင်အမှုန့် ၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၅ သိန်း)၊ ကက်တမင်းအရည် ၁၁၉၀ မီလီလီတာ (တစ်မီလီလီတာလျှင်ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၃ ဒသမ ၈ သိန်း)၊ ဘိန်းစာရွက်ပြုတ်ရည် ၆ လီတာ (တစ်လီတာလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁ ဒသမ ၂ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၇၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁၇၄၀) နှင့် ETHYL ALCHOL ၇ လီတာ (တစ်လီတာလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၇၀၀၀၀) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

 

ဥပဒေအရ အရေးယူထား

 

ဆက်လက်၍ ယင်းနေ့ နံနက် ၈ နာရီခွဲတွင် အဆိုပါတိုက်ခန်းရှိ အောင်နိုင် (ခ) အားကျီ (၂၆) နှစ် ငှားရမ်းနေထိုင်သည့် အခန်းအမှတ် (၅) အား ဆက်လက်ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မြဝတီမြို့ အမှတ် (၄) ရပ်ကွက်နေ မင်းသက်နိုင် (ခ) အားချိန် (၂၄) နှစ်၊ အောင်ကျော်နိုင် (ခ) ယောင်ချုံယု (၃၃) နှစ်၊ နေမင်းထွေး (ခ) အားကျယ် (၂၆) နှစ်နှင့် ရွှေကုက္ကိုကျေးရွာနေ အောင်မင်းသူ (ခ) ကျူးယုံအန်း (၂၄) နှစ်တို့ ငါးဦးကို စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၅၀၀ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၈၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၄၀၀)၊ အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၆၀)၊ အက်တက်စီဆေးပြား ၅၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၂၅၀)၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၆၀၀)၊ ဘိန်းဆီခဲ ၅ ဒသမ ၈ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၅၈၀) နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၁၀ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

အလားတူ ဖေဖော်ဝါရီ ၁၈ ရက် မွန်းတည့် ၁၂ နာရီတွင်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ လားရှိုးမြို့ ရပ်ကွက် (၈) နယ်မြေ (၁၃) တွင် နမ့်ပေါင်ကျေးရွာနေ သိန်းမောင် (၁၉) နှစ် မောင်းနှင်လာသော TOYOTA CROWN ယာဉ်အား  ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၁၅၀) ကို ဖမ်းဆီးရမိသဖြင့် သိန်းမောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်