နေပြည်တော် ဖေဖော်ဝါရီ ၂၀

 

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး ခုတင်(၅၀၀)နှင့် အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀)၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုကြသည်။

 

ဦးစွာ တာဝန်ရှိသူများက ဆေးရုံ တက်ရောက် ကုသလျက်ရှိသည့် လူနာတစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်