နေပြည်တော် ဖေဖော်ဝါရီ ၂၀
PDF အပါအဝင် အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အား ဆန့်ကျင် တိုက်ခိုက်ခြင်း၊ နယ်မြေခံပြည်သူလူထုများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် ၎င်းတို့အဖွဲများ အချင်းချင်းအချိန်ကြာမြင့်လာသည်နှင့်အမျှ ကိုယ်ကျိုး စီးပွားကို အခြေခံ၍ နယ်မြေလုချင်း၊ ဝေစုမတည့်ခြင်း၊ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်းစသည်တို့ ဖြစ်ပေါ်လျက်ရှိသည်။
ထိုသို့ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုတို့ကို မနှစ်မြို့တော့ခြင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံလာခြင်းတို့ကြောင့် ဥပဒေ ဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အဆိုပါသတင်းကို ထုတ်ပြန်ပြီးဖြစ်သည်။
ထို့ပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာမှု ကြောင့် ယနေ့မွန်းလွဲပိုင်းတွင် BNRA အမည်ခံအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်တစ်ဦး၊ တတိယ တာဝန်ခံအဆင့်ရှိသူတစ်ဦး အပါအဝင် အဖွဲ့ဝင်ငါးဦးသည် လက်နက်မျိုးစုံငါးလက်၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ပုလဲမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်စခန်း တစ်ခုထံသို့ လာရောက်ဆက်သွယ် သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် BNRA အမည်ခံအဖွဲ့မှ ဒုတိယအဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များအား နယ်မြေခံလုံခြုံရေးတပ်ဌာနချုပ်မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ ဆေးဝါးအကူအညီများနှင့် အုပ်ချုပ်မှုကိစ္စရပ် များကို အဆင်ပြေမှုရှိစေရေး ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် လိုအပ်သည့်စိစစ်မှုများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပြီး BNRA အမည်ခံအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်နှင့် တတိယတာဝန်ခံ အဆင့်ရှိသူတို့၏ စကားသံများကိုလည်း ယခုကဲ့သို့ကြား သိရသည်။
၁။ ကျွန်တော်ကတော့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် BNRA က တာဝန်ရှိတဲ့သူတစ်ဦးပါ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ကိုရောက်ရှိသွားတဲ့ ပုံစံကတော့ ကျွန်တော်တို့ ၂၀၂၁ နောက်မှာ တိုင်းပြည်ရဲ့ကောင်မွန်တဲ့အခြေအနေတစ်ခုကို သွားကြတယ်ပေါ့။ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ကြတယ်လို့ ပြောကြတယ်။ တကယ့်လက်တွေ့ ဒီအခြေအနေတွေကို ဘာပဲပြောပြော ခေတ်ရေစီးကြောင်းအတိုင်း လုပ်မယ်ဆိုပြီးတော့ ကျွန်တော်တို့လည်းဝင်ပြီးတော့ နိုင်တဲ့နေရာကနေ တာဝန်ထမ်းဆောင်မယ်ဆိုပြီးတော့ ဆုံးဖြတ်တယ်။ အဲဒီနောက်မှာ ကျွန်တော်လည်း မှန်မှန်ကန်ကန် လုပ်နေတယ်လို့ ယုံကြည်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လို့ ဗမာ အမျိုးသားတော်လှန်ရေး တပ်မတော်ကိုဝင်ပြီးကာမှ လုပ်ဖြစ်ခဲ့တယ်။ ကျွန်တော်ဒီလိုမျိုး အလင်းဝင်ဖို့ အတွက် ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့က ပိုကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရည်ရွယ်ပြီးကာမှ နိုင်ငံရေးအခင်းအကျင်းမှာ နိုင်တဲ့နေရာကနေ ဝင်ထမ်းမယ် ဆိုပြီးတော့ ဝင်ခဲ့တယ်။ ပိုကောင်းတဲ့ အခြေအနေတွေကိုလည်း ရည်ရွယ်ခဲ့တယ်။ အခုလက်ရှိ တော်လှန်ရေးထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေက ပိုကောင်းတဲ့ အခြေအနေတစ်ခုကို သွားနေတယ်၊ ရောက်မယ်လို့ မခံစားရတော့ဘူး။ မခံစားရဘူးဆိုတာကလည်း ကျွန်တော်တို့ စိတ်ခံစားချက်အရ ဖြစ်တာမဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့ ပကတိအခြေအနေတွေကို မြင်နေရတယ်၊ တွေ့နေရတယ်။ နောက်တစ်ခုကျတော့ လက်ရှိအခြေအနေမှာကတစ်ဖက်မှာ ကျွန်တော်တို့အပေါ်မှာ အဆုံးသတ်ရေးတွေ၊ ပျက်ပြားရေးတွေ၊ ငါနဲ့မတူငါ့ရန်သူဆိုတဲ့ပုံစံမျိုးတွေနဲ့ အဘက်ဘက်ကနေပြီး ပြည်သူတွေ အပေါ်မှာရော၊ အချင်းချင်းတွေအပေါ်မှာရော မိတ်ဖက်ပဋိပက္ခတွေဆိုတာထက် ပိုတဲ့ပုံစံမျိုးတွေနဲ့ ခံစားရတယ်၊ ကြုံတွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့ဒီဟာတွေကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ပြီးတဲ့ နောက်မှာတော့ ဒီဟာတွေက ဘယ်နည်းနဲ့မှ ပိုကောင်းမွန်တဲ့ အခြေအနေတစ်ခု ကို ရောက်နိုင်မယ်လို့ မယုံကြည်တော့ဘူး။ မယုံကြည်တဲ့အတွက်ကြောင့်မို့ တစ်ဖက်မှာလည်း ဒီဘက်ကို သွားပေါင်းမယ်ဆိုရင်လည်း အလင်းဝင်မယ်ပေါ့ဗျာ၊ အလင်းဝင်မယ်ဆိုရင်လည်း ဟုတ်ပါ့မလား၊ အဆင်ပြေပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်လေးလည်း ရှိတာပေါ့။ တစ်ဖက်မှာလည်းပဲ ကျွန်တော်တို့ လက်တွေ့ကျကျပူးပေါင်းလိုက်တဲ့ အခါကျတော့ ပျူငှာစွာနဲ့ကြိုဆိုတယ်။ ကျွန်တော် အလင်းဝင်လာတဲ့ အချိန်မှာဆိုရင်လည်း တာဝန်ရှိတဲ့သူတွေ ဆင့်ကဲဆင့်ကဲပေါ့၊ ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ပျူပျူငှာငှာဖော်ဖော်ရွေရွေနဲ့ ကြိုဆိုကြတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျန်ခဲ့တဲ့တော်လှန်ရေးရဲဘော်တွေ ကျွန်တော့်ရဲဘော်တွေအတွက် ပြောချင်တာက အခုလက်ရှိ အခြေအနေကနေ ကောင်းမွန်တဲ့ အနေအထားတစ်ခုကို ရောက်ဖို့ဆိုတာ တော်တော်လေးကို မဖြစ်နိုင်တော့ဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့အသက်တွေ၊ ဘဝတွေ၊ ပျော်ရွှင်မှုတွေ၊ လွတ်လပ်မှုတွေကို ဘာအတွက် စတေးနေမှာလည်း အလင်းဝင်လာတဲ့အချိန်မှာ ကျွန်တော်တို့မြင်ထားတဲ့ ပုံစံတွေနဲ့တခြားစီပဲ။ ကျွန်တော်တို့ကို အကောင်းဆုံးပုံစံနဲ့ ကြိုဆိုတယ်။ အဲဒါကြောင့်မလို့ နီးစပ်ရာ နယ်မြေခံတာဝန်ခံတွေနဲ့ ပေါင်းစပ်ပြီးကာမှ ပူးပေါင်းကြဖို့၊ အလင်းဝင်ကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်။
၂။ ကျွန်တော်ကတော့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် BNRA ရဲ့တပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်ပါတယ်။ ဗမာ အမျိုးသားတော်လှန်ရေး တပ်မတော်ထဲကို ဝင်ရောက်လာခြင်းက ပြည်သူလူထု အကျိုးကို အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်မယ့် အဖွဲ့အစည်းတစ်ရပ်အဖြစ်သာ ကျွန်တော်တို့ ရှုမြင်ပြီးတော့ ဝင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခုအလင်းဝင်ရောက် လာတာက တော်လှန်ရေးကာလအတွင်းမှာ ပြည်သူလူထုရဲ့အကျိုးကို အကောင်းမွန်ဆုံးမဖြစ်ဘဲနဲ့ ဒီပူးပေါင်းဆောင်ရွက်တဲ့ ကဏ္ဍတွေမှာလည်း အတတ်နိုင်ဆုံး အဆင်ပြေဆုံး မရှိတဲ့အခါကျတော့ ကျွန်တော်တို့ရဲ့တော်လှန်ရေးက တဖြည်းဖြည်းနဲ့ ပြည်သူလူထုတွေ ပိုပြီးဆင်းရဲမွဲတေဒုက္ခ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မြန်မာ့တပ်မတော်ရဲ့ သဘောထားအမှန်တွေကို သိရှိလာရခြင်းဖြစ်တဲ့အတွက် အခုလိုမျိုး အလင်းဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အလင်းမဝင်ခင်မှာ ထိတ်လန့်မှုတွေရှိတာပေါ့။ ကျွန်တော်တို့ အလင်းဝင်တဲ့အခါမှာ ဖမ်းဆီးမလား၊ ထောင်ချမလား၊ တစ်ခုခုပြစ်မှုဆိုင်ရာ ကျူးလွန်ထားတဲ့အတွက် အပြစ်ပေးအရေးယူမလားပေါ့။ ဒါပေမယ့် တကယ်တမ်းရောက်လာတဲ့ အခါကျတော့ တပ်မတော်ရဲ့ နွေးထွေးစွာ ကြိုဆိုမှု၊ ကျွန်တော်တို့ ချိတ်ဆက်တဲ့အခါမှာလည်း အကောင်းမွန်ဆုံးနဲ့ အနွေးထွေးဆုံး ကြိုဆိုပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ အနေနဲ့ကတော့ အကောင်းမွန်ဆုံးနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်ကို အကောင်းဆုံး ဖော်ဆောင်ဖို့အတွက် အခုလိုမျိုး အလင်းဝင်ရောက်ခြင်း ဖြစ်ပါတယ်။ တပ်မတော်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်ပြီးတော့ပြောချင်တာကတော့ တော်လှန်ရေးကာလမှာ အကောင်းအဆိုးတွေကို အားလုံးသိနေတဲ့ ရဲဘော်ဝင်တွေဖြစ်တယ်။ အဲဒီတော့ အခုလက်ရှိမှာ မြန်မာ့တပ်မတော်ကလည်း နွေးထွေးစွာနဲ့ ကြိုဆိုနေတာလည်းဖြစ်တယ်။ အဲဒီတော့ စဉ်းစားဆုံးဖြတ်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ အခုကျွန်တော်ရောက်ရှိလာတဲ့အခါမှာ ကျွန်တော့်အပေါ် အားလုံးနွေးနွေးထွေးထွေးနဲ့ ကြိုဆိုပြီး ပြည်သူလူထုအတွက် အကောင်းဆုံးတွေ ရှေ့ဆက်ပြီး လုပ်ဆောင်မယ့်အရာတွေကိုလည်း ကျွန်တော့်ကို သေချာနားလည် သဘောပေါက်အောင် ရှင်းပြတဲ့အတွက် ကျွန်တော့်အနေနဲ့ကတော့ ဖိတ်ခေါ်ပါတယ်။ ကျန်တဲ့ တပ်ဖွဲ့ဝင်များလည်း ပူးပေါင်း ဆောင်ရွက်ဖို့ ချိတ်ဆက်နေတာတော့ရှိပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အလင်းဝင်လာမယ့် ရဲဘော်ရဲဘက်တွေ အားလုံးကိုလည်း နီးစပ်ရာတပ်စခန်းတွေနဲ့ အမြန်ဆုံးချိတ်ဆက်ပြီးတော့ ကျွန်တော့်လိုမျိုး ဝင်ရောက်လာဖို့အတွက် တိုက်တွန်းပြောကြားလိုပါတယ်။
နိုင်ငံတော် အစိုးရအနေဖြင့် အကြမ်းဖက်အဖွဲ့များအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ နေကြသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး အစဉ်တံခါးဖွင့်ကြိုဆို ဖိတ်ခေါ်ထားရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ထပ်မံဝင်ရောက်လာမည့် သူများကိုလည်း တရားဥပဒေဘောင်အတွင်း တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ကူညီ ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


