ပုသိမ် ဖေဖော်ဝါရီ ၂၀

 

(၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အောင်ဇေယျအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ချင်းတိုင်းရင်းသား တိုင်းရင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ သဘာပတိက အခမ်းအနားကို စတင်ဖွင့်လှစ်ပေးကာ မိန့်ခွန်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ စာပေသင်ကြားရေး၊ ရိုးရာဓလေ့ ပွဲတော်များ၊ နေ့ထူးနေ့မြတ်များနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ကျင်းပပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုဖြင့် အတူတကွ လက်တွဲနေထိုင်ကြပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးနှင့် ပတ်သက်၍ စံပြတိုင်းဒေသကြီးဖြစ်ရန်နှင့် ပန်းတိုင်အထွက်နှုန်းများရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့လာသည့် ချင်းအမျိုးသားနေ့သဝဏ်လွှာကို တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ဖတ်ကြားပြီး ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ချင်းအမျိုးသားနေ့ ကျင်းပရသည့် ရည်ရွယ်ချက်များကို လည်းကောင်း၊ ချင်းတိုင်းရင်းသူ တစ်ဦးက အခမ်းအနားတွင် ဆင်ယင်ပြသထားသည့် ပစ္စည်းများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြကာ တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ချင်းရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ဒေသခံတိုင်းရင်းသားများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။

 

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု Gabion Box ကမ်းထိန်းတမံ ဆောင်ရွက်နေမှုနှင့် မြန်အောင်မြို့ မကျီးစုကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု ကျောက်စီတမံဆောင်ရွက်နေမှုများကို လည်းကောင်း၊ မြန်အောင်မြို့ စိန်ဝတ်မှုံ(၁)လမ်းရှိ မင်းစန်းဦး ဆီကြိတ်စက်၌ ခေတ်မီဆီသန့်စက် တပ်ဆင်အသုံးပြုကာ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်ဆီများ ကြိတ်ခွဲနေမှုကို လည်းကောင်း၊ ကြံခင်းမြို့ မြို့မရပ်ကွက်ရှိ တောင်သူ ဦးထွန်းလင်း စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းနှင့် မြို့မရပ်ကွက် တောင်သူများ စိုက်ပျိုးထားသည့် Super Sun-41 နေကြာစံပြကွက် ဧက ၅၀ အောင်မြင်ဖြစ်ထွန်းနေမှုကို လည်းကောင်း၊ မြန်အောင်မြို့ သဘာဝမီးစက်လမ်းရှိ “ကောင်းသန့် ဆီစက်၌ မြေပဲ၊ နေကြာ ဆီကြိတ်ခွဲနေမှုကိုလည်း ကောင်း၊ မြန်အောင်မြို့နယ် ဆင်သေကျေးရွာ တောင်သူဦးအောင်ဋ္ဌေး စိုက်ပျိုးထားသည့် Super Sun-41 ဆောင်းနေကြာစိုက်ခင်းများကို  လည်းကောင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)