ကဘူး   ဖေဖော်ဝါရီ   ၂၀

အာဖဂန်နစ္စတန်နိုင်ငံ၌ ပိုမိုဆိုးရွားလာသည့် ငတ်မွတ်ခေါင်းပါးမှုအကျပ်အတည်းနှင့်ပတ်သက်၍ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က အရေးပေါ်သတိပေးချက်ထုတ်ပြန်ခဲ့သည်။

အာဟာရချို့တဲ့မှု ပြင်းထန်စွာခံစားနေရသော ကလေးလေးဦးတွင် တစ်ဦးသာ အကူအညီများ ရရှိနိုင်ကြောင်းလည်း  ဒေသတွင်း မီဒီယာတစ်ခုက ယနေ့ သတင်းဖော်ပြခဲ့သည်။

လက်ရှိတွင် အာဖဂန်နစ္စတန်လူဦးရေ၏ သုံးပုံနှစ်ပုံနီးပါးသည် စားနပ်ရိက္ခာမလုံလောက်မှုကို ဆိုးရွားစွာ    ကြုံတွေ့နေရသည်။  သန်းနှင့်ချီသော ကလေးငယ်များသည်   အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် အာဟာရချို့တဲ့မှု အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်။

တစ်ချိန်တည်းတွင် လူသားချင်းစာနာထောက်ထားမှုရေးရာညှိနှိုင်းရေးရုံးသည် အာဖဂန်နစ္စတန်အတွက် ယခုနှစ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်ကို စတင်အကောင်အထည်ဖော်ဆောင်ခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အမိုးအကာနှင့် အခြား အခြေခံဝန်ဆောင်မှုများ လိုအပ်နေသော သန်းနှင့်ချီသောလူသန်းပေါင်းများစွာအား အရေးတကြီး ပံ့ပိုးကူညီရန် ရည်မှန်းထားကြောင်း  အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကာလရှည်မိုးခေါင်မှု၊ လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးမတည်ငြိမ်မှုများနှင့် ဒုက္ခသည်အများအပြား  နေရပ်ပြန်လာမှုတို့ကြောင့်   နိုင်ငံတစ်ဝန်းစားနပ်ရိက္ခာပြတ်လပ်မှု  ပိုမိုပြင်းထန်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်