တောင်ငူ ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ အုတ်တွင်းမြို့နယ် နတ်စဉ်ကုန်းကျေးရွာ အုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက ၁၀၀ တွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာစုပေါင်း ကြဲပက်နေမှုကို ကြည့်ရှုအားပေးပြီး သဘာဝ မြေဩဇာများ တွင်ကျယ်စွာထုတ်လုပ်သုံးစွဲရန်နှင့် စိုက်ပျိုးရေ လေလွင့်မှုမရှိစေရန် မှာကြားသည်။
ထို့နောက် တောင်ငူမြို့ ဆင်ဆိပ်ကျေးရွာရှိ မတ်ပဲစိုက်ခင်းနှင့် ပဲခူးတိုင်းဒေသကြီးမှထုတ်လုပ်သည့် လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးဧက ၁၀၀ စိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် တွေ့ဆုံ၍ မျိုး၊ မြေ၊ ရေ၊ နည်းပြည့်စုံကောင်းမွန်မှ ပန်းတိုင်အထွက်နှုန်းရရှိနိုင်မည်ဖြစ်၍ တောင်သူ များအနေဖြင့် လိုက်နာဆောင်ရွက်ရန်၊ တောင်သူ ဝင်ငွေတိုးတက်စေရေး တန်ဖိုးမြင့်ပေါ်ဆန်းမွှေးစပါးမျိုးများ စိုက်ပျိုးကြရန်နှင့် ပေါ်ဆန်းမွှေးစပါးမျိုးများ ရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် တောင်ငူမြို့ ထီးလှိုင်ပန်းခြံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အများပြည်သူ အပန်းဖြေနိုင်ရေး၊ စိမ်းလန်းစိုပြည်မှုရှိစေရေးနှင့် မြေယာရှုခင်းများ ခေတ်မီလှပရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ တောင်ငူမြို့နယ် ပဲပုတ်ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦး၏ RIR မျိုး ကြက်ထီးနှင့် မြန်မာတိုင်းရင်းမျိုးကြက်အထီးများ မွေးမြူထားရှိမှု၊ ဒေသမျိုးနှင့်ပေါင်းစပ်၍ မျိုးမြှင့်တင်ခြင်းနှင့် ဥစားကြက်မွေးမြူထားရှိမှုတို့ကို ကြည့်ရှုအားပေးပြီး ဒေသကြက်များကို မျိုးမြှင့်တင်၍ ရောင်းချရန်၊ ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် ကြက်စာများ ထုတ်လုပ်နိုင်ရန်နှင့် ကိုယ်တိုင်မွေးမြူထုတ်လုပ်သူများ၏ အရောင်းဆိုင်များတွင် ကြက်သား၊ ကြက်ဥများ စားသုံးသူလက်ဝယ်အရောက် တိုက်ရိုက်ရောင်းချပေးနိုင်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ရေတာရှည်မြို့နယ် ဘိုးတော်ကုန်း ကျေးရွာအုပ်စု၌ လုပ်ငန်းရှင်တစ်ဦး၏ စက္ကူစက် တည်ဆောက်နေမှုကို ကြည့်ရှုအားပေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးရေးနှင့် စက်ပစ္စည်းသယ်ယူမှုလုပ်ငန်းများ မြန်ဆန်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


