စစ်တွေ ဖေဖော်ဝါရီ ၂၂

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များ၊ လောကာနန္ဒာ စေတီတော်မြတ်ကြီးရင်ပြင်တွင် တည်ထားပူဇော် လျက်ရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယ ရာဇမုနိဆင်းတုတော်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စစ်တွေမြို့ ဘောလုံး ကွင်းရပ်ကွက် ခဝါသည်ချောင်း မြေထိန်းနံရံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး ကြသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့က ခဝါသည် ချောင်းမြေထိန်းနံရံတည်ဆောက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီရေး၊ အချိန်မီပြီးစီးနိုင်ရေး စေတနာထားဆောင်ရွက်သွားကြရန် မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ မြေထိန်းနံရံတည်ဆောက် ခြင်းလုပ်ငန်း‌ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာတွင် ဟင်းသီး ဟင်းရွက်အထူးဇုန် ဧက ၅၀ စိုက်ခင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား ဆေးဖျန်းပုံးနှင့် ဓာတ်မြေ ဩဇာများ ချီးမြှင့်ပေးအပ်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူးက ဆောင်းသီးနှံဟင်းသီးဟင်းရွက် အထူးဇုန် ဧက ၅၀ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က တောင်သူများအား ဆေးဖျန်းပုံးနှင့် ဓာတ်မြေဩဇာများ ချီးမြှင့်ပေးအပ်ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာ၌ ဆောင်းသီးနှံ စိုက်ပျိုးနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆိုလာစနစ်ဖြင့် ရေရရှိရေး ဆောင်ရွက်ပေးထားမှုနှင့် ဟင်းသီးဟင်းရွက်အထူးဇုန် ဧက ၅၀ တွင် တောင်သူများ၏ ဆောင်းသီးနှံများ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

တင်ထွန်း (ပြန်/ဆက်)