အဘူဒါဘီ  ဖေဖော်ဝါရီ  ၂၂

အရှေ့အလယ်ပိုင်းနှင့် အာရှ နိုင်ငံအများအပြား၏ နိုင်ငံခြားရေး ၀န်ကြီးဌာနများက အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို အစ္စရေးက ထိန်းချုပ်နိုင်ဖွယ်ရှိသည်ဆိုသည့် အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ် ဟက်ကာဘီ၏ ပြောကြားချက်အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဖော်ပြထားသည့် ပူးတွဲကြေညာချက်ကို ယနေ့ ထုတ်ပြန်ခဲ့သည်။

အာရပ်စော်ဘွားများ   ပြည်ထောင်စု၊  အီဂျစ်၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ တူကီယဲ၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ကူဝိတ်၊  အိုမန်၊ ဘာရိန်း၊ လက်ဘနွန်၊ ဆီးရီးယားနှင့် ပါလက်စတိုင်း နိုင်ငံတို့အပြင် အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၊   အာရပ်ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့်  ပင်လယ်ကွေ့နိုင်ငံများက ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု   နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အနောက်ဘက်ကမ်းအပါအဝင် အာရပ်နိုင်ငံပိုင် နယ်မြေများကို အစ္စရေးက သိမ်းပိုက်နိုင်ဖွယ်ရှိကြောင်း သံအမတ်ကြီး၏ မှတ်ချက်များအပေါ်  ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့်   လေးလေးနက်နက် စိုးရိမ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

သံအမတ်ကြီး၏ ပြောကြားချက်သည် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ထင်ရှားစွာချိုးဖောက်ကာ ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ဆိုးရွားစွာခြိမ်းခြောက်မှုဖြစ်ကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။

သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေ သို့မဟုတ် အခြားသိမ်းပိုက်ထားသော   အာရပ်နယ်မြေများပေါ်တွင် အစ္စရေး၏ အချုပ်အခြာအာဏာမတည်ကြောင်း ထပ်မံအတည်ပြုခဲ့ပြီး ဆက်လက်ချဲ့ထွင် ရေးမူဝါဒများနှင့် ဥပဒေမဲ့ဆောင်ရွက်မှုများသည် အကြမ်းဖက်မှုများကို လှုံ့ဆော်ပြီး ငြိမ်းချမ်းရေးအလားအလာကို ထိခိုက်စေမည်ဖြစ်ကြောင်း ကြေညာချက်တွင် ထပ်မံသတိပေးခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်