ဂျေရုဆလင် ဖေဖော်ဝါရီ ၂၂
မြေထဲပင်လယ်ကြမ်းပြင်တွင် ၁၂ ရာစုမှ စစ်သည်တော်များ ကိုင်ဆောင်ခဲ့သည့် ဓားတစ်လက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးနိုင်ငံ ဟာဖီတက္ကသိုလ်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြေထဲပင်လယ်ကြမ်းပြင်အောက်တွင် ရာစုနှစ်ပေါင်းများစွာကြာအောင် တည်ရှိနေခဲ့သည့် ၎င်းဓားကို လေ့လာရာတွင် ထိခိုက်မှုတစ်စုံ တစ်ရာမရှိစေရေးအတွက် ဆေးရုံသုံး ကွန်ပျူတာပုံရိပ်ဖမ်းစက်ဖြင့် ကျွမ်းကျင်သူများက လေ့လာခဲ့သည်။ ၎င်းဓားကိုလက်တစ်ဖက်တည်းဖြင့် ကိုင်ဆောင်နိုင်ရန် ပြုလုပ်ထားပြီး ခရူးဆိတ်စစ်ပွဲတွင်ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်သည်တော်တစ်ဦး၏ ဓားဖြစ်ကြောင်း လေ့လာချက်များအရ သိရသည်။ ၎င်းဓားကို ဥရောပဒေသတွင်ပြုလုပ်ပြီး ခရူးဆိတ်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်သည်တော်များက မြေထဲပင်လယ်ဒေသသို့ အလယ်ခေတ်တွင် ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။ ဓားများသည် သူရဲကောင်းများ၏ အမှတ်သင်္ကေတကို ကိုယ်စားပြုပြီး စစ်ပွဲတွင် အဓိကလက်နက်အဖြစ်သုံးစွဲသောကြောင့် ဓားများအား ယခုကဲ့သို့ ထိန်းသိမ်းလေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြား သည်။
ယခုရှာဖွေတွေ့ရှိမှုသည် ရှေးခေတ်စစ်သည်တော်များ၏ လူနေမှုဘဝနှင့် ဒေသတွင်း ရေကြောင်းခရီးသွားလုပ်ငန်းကို ဖော်ထုတ်ပြသနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


