ပုသိမ် ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ARCCI ရုံး ခြောက်ထပ်အဆောက်အအုံ မင်္ဂလာပိုင်တိုင်ရိုက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ မြကျွန်းသာအိမ်ရာဝင်းအတွင်းရှိ အဆိုပါအဆောက် အအုံဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပန္နက်ရိုက်၍ ပိုင်တိုင်စိုက်ခြင်း မင်္ဂလာပြုလုပ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးသည်။

ထို့နောက် ပုသိမ်ဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF) နှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့သည် (ARCCI) ရုံးဆောက်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းအပ်နှံသည့် သဘောတူစာချုပ်နှင့် နားလည် မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူတစ်ဦးက အလှူငွေများပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ညောင်တုန်းမြို့ ပုဏ္ဏမာရာမဈေးကျောင်းတိုက် ဦးစီး ပဓာနနာယက ဘဒ္ဒန္တဩသဓာဘိဝံသ မဟာထေရ် မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင် အခမ်းအနားသို့ တက်ရောက်ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီး(ပြန်/ဆက်)