မြိတ်  ဖေဖော်ဝါရီ   ၂၂

 

တနင်္သာရီ ကမ်းရိုးတန်း ပင်လယ်ရေပြင်၏ ငါးနှင့် ငါး နေထိုင်ကျက်စားသည့် ရေအောက် ဇီဝဗေဒအခြေအနေ ဆန်းစစ် သုတေသနပြုရန်၊ ငါးသယံဇာတ စီမံခန့်ခွဲမှု လုပ်ငန်းများကို အထောက်အပံ့ပေးနိုင်ရန်၊ မြန်မာ့ ငါးလုပ်ငန်း ရေပြင်အတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စွာ တည်ရှိစေရန်အတွက် အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့၏ M.V.SEAFDEC 2 သုတေသနရေယာဉ်ဖြင့် တနင်္သာရီကမ်းရိုးတန်း ရေပြင်တွင် ရက်ပေါင်း ၃၀ ငါးသယံဇာတ သုတေသနပြု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

သုတေသန ရေယာဉ်ဖြင့် ငါးသယံဇာတ သုတေသနပြု ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီခွဲက ကျွန်းစုမြို့နယ် ပထက် ကျေးရွာရှိ ပြည့်ဖြိုးထွန်းဆိပ်ခံ တံတားတွင် ကျင်းပရာ  တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အမှာစကား ပြောကြားသည်။ 

 

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး က ငါးသယံဇာတသုတေသနပြု လုပ်ငန်းများ ဆောင်ရွက်သည့် ရည်ရွယ်ချက်များနှင့်  မြန်မာ့ ငါးလုပ်ငန်းရေပြင်တွင် သုတေသနပြု ဆောင်ရွက်ပြီးခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ M.V. SEAFDEC 2 သုတေသန ရေယာဉ်၏ သုတေသနပညာရှင် Mr. NAKARET YASUK မှ ခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားသည်။

 

ယင်းနောက် SEAFDEC 2 ရေယာဉ်ဖြင့် ထိုင်းပညာရှင်များ၊ မြန်မာပညာရှင်များ ပူးပေါင်း၍ တနင်္သာရီ ကမ်းရိုးတန်းရေပြင် အတွင်း သုတေသနပြုခြင်း အမှတ်တရ လက်ဆောင်များအား ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပေးအပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊  တိုင်းဒေသကြီး ငါးလုပ်ငန်းဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ရေယာဉ် Captain တို့က လက်ခံကြသည်။ ဆက်လက်၍ တက်ရောက် လာကြသူများက သုတေသန ရေယာဉ်ပေါ်သို့ တက်ရောက် လေ့လာခဲ့ကြရာ ရေယာဉ် Captain နှင့် Local Cruise Leader များက ရှင်းလင်းပြသခဲ့ကြသည်။ 

 

အဆိုပါ သုတေသနလုပ်ငန်းကို ဖေဖော်ဝါရီ ၂၂ ရက်မှ မတ် ၂၂ ရက်အထိ တနင်္သာရီကမ်းရိုးတန်း ရေပြင်တွင် နိုင်ငံတကာပညာရှင် ငါးဦးနှင့်အတူ ငါးလုပ်ငန်းဦးစီးဌာနမှ ပညာရှင်များ၊ မြိတ်တက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ်တို့မှ ပညာရှင်များ၊ တပ်မတော်(ရေ)မှ ပညာရှင်များနှင့် တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 ခိုင်ထူး(ပြန်/ဆက်)