တောင်ကြီး ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက မြို့နယ် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု အမှုဆောင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြပြီး သမဝါယမကဏ္ဍမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သက်တန့်ရောင်စီမံကိန်း၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းစဉ်များအား အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး တာဝန်ရှိသူများက ဆီဆိုင်မြို့နယ် ခေါက်တိုင်းဟွမ် လယ်ယာနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ နွေစပါးစိုက်ပျိုးရန်အတွက် ပျိုးထောင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု၍ အသင်းမှလိုအပ်သည့် ငွေကြေးအရင်းအနှီးများ ရရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆီဆိုင်မြို့နယ် သမဝါယမဦးစီးဌာနရုံး အဆောက်အအုံသစ် ဆောက်လုပ်နေမှုအား သတ်မှတ်ထားသည့် သတ်မှတ်ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန်၊ သတ်မှတ်ထားသည့် စံချိန် စံညွှန်းများအတိုင်း ကိုက်ညီအောင် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး ဦးစားပေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


