ပွင့်ဖြူ ဖေဖော်ဝါရီ ၂၂

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သော ချည်မျှင်ရှည်ဝါသီးနှံ ဧက ၃၆၁၀ ထိ ဆွတ်ခူးသိမ်းဆည်းပြီး တစ်ဧကလျှင် ၅၃၃ ပိဿာထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

စိုက်ပျိုးနိုင်

ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံ ၄၈၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ စိုက်ပျိုးထားသော ဝါစိုက်ခင်းများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ပထမပတ်မှစတင်၍ ဆွတ်ခူးသိမ်းဆည်းခဲ့ရာ ယနေ့တွင် ဧက ၃၆၁၀ ထိ သိမ်းဆည်းပြီးစီးပြီဖြစ်ပြီး ဝါအထွက်နှုန်းမှာ တစ်ဧကလျှင် ၅၃၃ ပိဿာထွက်ရှိကြောင်း သိရသည်။

 

ဝါဆွတ်ခူးတာနဲ့ပတ်သက်ပြီး အထွက်နှုန်းများ လျော့နည်းမှု မဖြစ်စေရေး၊ ဆွတ်ခူးပြီးတဲ့ဝါတွေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျထားသိုသိမ်းဆည်းရေး နည်းပညာတွေ အသိပညာပေးတာ ကြီးကြပ်ဆောင်ရွက်ပေးပါတယ်။ ချည်မျှင်ရှည်ဝါက ဈေးကွက်ရှိတာကြောင့် ဒေသခံတောင်သူတွေက မိုးဦးနဲ့ မိုးနှောင်းမှာ စီးပွားဖြစ် အားထားစိုက်ပျိုးကြပြီး စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် အောင်မြင်ဖြစ်ထွန်းမှုလည်းရှိပါတယ်ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

 

မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးတောင်သူများကို သီးနှံဝင်ငွေတိုးပွားစေရန်နှင့် အရည်အသွေးကောင်းသော ဝါသီးနှံများ ထွက်ရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးစသည့် အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)