ရန်ကုန် ဖေဖော်ဝါရီ ၂၂
မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူးပေါင်း၍ ပထမဆုံး ရိုက်ကူးထုတ်လုပ်မည့် “အားလုံးကိုကျော်ဖြတ်ကြမယ်” (All Pass) လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးခြင်းနှင့် မီဒီယာတွေ့ဆုံခြင်းကို ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရာဟုထောင့်တွင် ပြုလုပ်သည်။
အဆိုပါ ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးခြင်းကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံ KK media မှတာဝန်ရှိသူများ၊ ဇာတ်လမ်းတွဲရိုက်ကူးမည့် ကိုရီးယားဒါရိုက်တာ Mr. Shim Ki Won နှင့်လက်ထောက်ဒါရိုက်တာအဖွဲ့၊ ဇာတ်လမ်းတွဲတွင် ပါဝင်ကြမည့် ကိုရီးယား-မြန်မာ သရုပ်ဆောင်များနှင့် အတတ်ပညာရှင်များ တက်ရောက်ကြသည်။
အဆိုပါ ရုပ်သံဇာတ်လမ်းတွဲအတွက် မြန်မာနိုင်ငံဘက်မှ သရုပ်ဆောင်ရွေးချယ်ခြင်းအား ကိုရီးယားနိုင်ငံမှ ဒါရိုက်တာအဖွဲ့ဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း လူငယ်အမျိုးသား/အမျိုးသမီး ၄၇ ဦးကို လူတွေ့စစ်ဆေးခြင်း(Audition) သုံးကြိမ်ပြုလုပ်ခဲ့ပြီး ရုပ်ရှင်ရွှေကြို အနုပညာရှင်များဖြစ်ကြသည့် လင်းလက်ခွန်းချို၊ ပြည့်စုံ၊ ဆီဆန်ကျော်ဇော၊ မေ့ချစ်သက်၊ သူရိန်မင်းခန့်၊ ဖြိုးဟန်ကျော်တို့နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းအနုပညာရှင်များဖြစ်ကြသည့် အိန္ဒြာစိုးစံ၊ ကျော်သက်အောင်၊ ရာဇာအောင်နှင့် မြနန္ဒာတို့အား စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ကိုရီးယားနိုင်ငံဘက်မှ သရုပ်ဆောင်ရွေးချယ်ခြင်း(Audition)ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၄ ရက်ကပြုလုပ်ခဲ့ရာ လူငယ်အမျိုးသား၊ အမျိုးသမီး ၈၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး Song Jung- hwan ၊ Jang Eun-Young ၊ Lee Je-na ၊ Cho Won- hyung ၊ Yoo Jun–hyuk နှင့် Lee Si-yoon တို့ကို ရွေးချယ်ခဲ့သည့်အပြင် ကိုရီးယားနိုင်ငံတွင် ရုပ်သံဇာတ်လမ်းတွဲများစွာ ရိုက်ကူးထားသည့် နာမည်ကြီး အနုပညာရှင်များဖြစ်ကြသော Mo Gun-hoo ၊ Park San-ha ၊ Cho Chan-Hyung တို့ကိုအဓိကသရုပ်ဆောင်များအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ယင်းဇာတ်လမ်းတွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)နှင့် ကိုရီးယားနိုင်ငံမှ KK Media Co.,Ltd. တို့ပူးပေါင်း၍ မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့တွင် အပြန်အလှန်သွားရောက်ကာ ၂၀၂၆ ခုနှစ် မတ်လအပြီး ရိုက်ကူးထုတ်လုပ်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကိုရီးယားနိုင်ငံ IHQ Channel တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
အဆိုပါ ရုပ်သံဇာတ်လမ်းတွဲကို ကိုရီးယား-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်(၅၀)ပြည့်ကို ဂုဏ်ပြုသောအားဖြင့် ကိုရီးယား-မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင်ရန်၊ လူငယ်ပရိသတ်များ အရည်အချင်းတိုးတက်လာစေရန်နှင့် စိတ်ခွန်အားပေးနိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် ရိုက်ကူးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


