နေပြည်တော် ဖေဖော်ဝါရီ ၂၃
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေး ရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မွန်ပြည်နယ် ရာမညအားကစားကွင်းကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရေသုံးစွဲမှုလုံလောက်စွာရရှိရေး၊ ဘောလုံးကွင်း မြက်ခင်းစိမ်းလန်းစိုပြည်စေရေး၊ ရေဖျန်းစနစ် ကောင်းမွန်စေရေးတို့အတွက် ရေပိုက်လိုင်းများ ပြန်လည်စစ်ဆေးဆောင်ရွက်ရန်နှင့် ဂိုးတိုင်၊ ဂိုးပိုက်များ စနစ်တကျရှိစေရေး၊ ပွဲကြည့်စင် ထပ်မံတိုးချဲ့တည်ဆောက်ရေး စီမံဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ရေကူးကန် တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး ဒိုင်ဗင်ကန်နှင့်ရေကူးကန် တစ်ဆက်တည်း တည်ဆောက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ကျောင်းသားအားကစားကွင်းသို့ သွားရောက်၍ လူငယ်စင်တာဖွင့်လှစ်မည့် အဆောက်အအုံကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းမြက်ခင်း စိမ်းလန်းစိုပြည်စေရေးအတွက် ရေနုတ်မြောင်းများကို ပြန်လည်စစ်ဆေးရန်၊ ၁၀ မြို့နယ် ဘောလုံးပြိုင်ပွဲနှင့် အခြားဖိတ်ခေါ် ဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရေး ပြုပြင်ဆောင်ရွက်ရန်၊ ပြည်နယ်ရာမညအားကစားကွင်းတွင် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများကိုသာ ကျင်းပရန်နှင့် ခရိုင်အဆင့်မီ အားကစားကွင်းအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် Synthetic ပြေးလမ်းခင်းနိုင်ရေး တွက်ချက်ပြင်ဆင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


