နေပြည်တော် ဖေဖော်ဝါရီ ၂၃

 

အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် စပ်မျိုးပြောင်း မျိုးစေ့ စီးပွားဖြစ်ထုတ်လုပ်ရန် “စပ်မျိုးပြောင်း မျိုးသစ်များ မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲ’’ ကို ယနေ့နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနခြံ၌ ကျင်းပသည်။

 

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် တောင်သူများ တက်ရောက်ကြပြီး မျိုးစေ့ ထုတ်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ တောင်သူများက စပ်မျိုးပြောင်း မျိုးသစ် ၂၈ မျိုး၏ အရည် အသွေးနှင့် အထွက်နှုန်းအပေါ် သဘောထား မှတ်ချက်များ၊ အကြံပြုချက်များ တင်ပြကြရာ ပညာရှင်များက ဖြေကြားဆွေးနွေး ကြသည်။

စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက သုတေသနပြု ဖော်ထုတ်ရရှိထားသော အလားအလာကောင်း စပ်မျိုးပြောင်းမျိုးသစ်များကို မျိုးစေ့ကုမ္ပဏီများ၊ ဒေသခံ ပြောင်းစိုက် တောင်သူများ ကိုယ်တိုင် မျက်မြင်စိတ်ကြိုက် မျိုးရွေးချယ်နိုင်ကြစေရန် ၂၀၂၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် စပ်မျိုးပြောင်း မျိုးသစ်များ မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲ၌ မျိုးစေ့ထုတ်ကုမ္ပဏီ ခြောက်ခု ပါဝင်ဆောင်ရွက်ခဲ့ပြီး ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် ကွင်းသရုပ်ပြပွဲတွင် မျိုးစေ့ကုမ္ပဏီ (၁၁)ခု ပါဝင်ဆောင်ရွက်ခဲ့သဖြင့် သုတေသနရလဒ်များ လက်တွေ့ အသုံးချနိုင်ရေးအတွက် အရေးပါသည့် တိုးတက်မှုတစ်ရပ်ဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ မိုးသီးနှံ ပြောင်းစိုက် ဧရိယာများတွင် ပြည်တွင်းထုတ် စပ်မျိုးပြောင်း မျိုးစေ့များ အသုံးပြုစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း(AERDTC)ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူး ခြင်းစီမံကိန်း၏ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာများအား ရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ အစီအစဉ်-၃ အရ ကိုရီးယားဆန် တန်ချိန် ၁ဝ၂ဝ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

ဆက်လက်၍ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် APTERR အစီအစဉ်-၃ (၂ဝ၂၅)ဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၃၀၀၀ အနက် နေပြည်တော်ကောင်စီနယ်မြေရှိ ငလျင်ဘေးသင့် ပြည်သူများအား ဖြန့်ဝေလှူဒါန်းရန် ဆန်တန်ချိန် ၁ဝ၂ဝ (၂၅၅၀၀-အိတ်)ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်သည်။

 

ယခု လွှဲပြောင်းပေးအပ်သော ကိုရီးယားဆန် တန်ချိန် ၁၀၂၀ သည် ငလျင်ဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ် လှူဒါန်းခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် အဖြစ် ကိုရီးယားဆန် တန်ချိန် ၁၃၆၀ ကို ၂၀၂၅ ခုနှစ် ဇွန်လတွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူများထံ ဖြန့်ဖြူး လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်