မန္တလေး ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မဟာအောင်မြေခရိုင်နှင့် အောင်မြေသာစံခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာ အလယ်တန်းဆင့် Grade-9 (ကျောင်း တွင်းစစ်)နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်း စာမေးပွဲ ကျင်းပနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုရာတွင် မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်ရှိ အမှတ်(၂၈) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃၀) အခြေခံပညာ အထက်တန်းကျောင်းနှင့် အားကစားနှင့်ကာယသိပ္ပံ (မန္တလေး)၊ အောင်မြေသာစံခရိုင် အောင်မြေသာစံ မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၈) အခြေခံပညာအထက်တန်း ကျောင်းများ၌ အတန်းအလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာဖြေဆိုနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာမေးပွဲပြီးဆုံးသည်အထိ ဖြေဆို သွားရေး၊ အကြောင်းမဲ့ ပျက်ကွက်ခြင်းများမရှိစေရေး၊ စာမေးပွဲစည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များအတိုင်း အလေးထားကာ စနစ်တကျ ကြပ်မတ် ဆောင်ရွက်သွားရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ မူလတန်းဆင့် Grade-5 နှင့် အခြေခံပညာ အလယ်တန်းဆင့် Grade-9(ကျောင်းတွင်းစစ်) နှစ်ဆုံး တတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲများကို ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်ကျင်းပပြီး Grade-5 စာမေးပွဲများကို ဖေဖော်ဝါရီ ၂၇ ရက်အထိ၊ Grade-9 စာမေးပွဲများကို ဖေဖော်ဝါရီ ၂၈ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကာ မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့မှ Grade-5 စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျောင်းသား ကျောင်းသူ ၁၀၄၀၀၀ ကျော်နှင့် Grade-9 စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျောင်းသား ကျောင်းသူ ၂၅၀၀၀ ကျော်ရှိကြောင်း သိရသည်။
သတင်းစဉ်


